THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News နေအိမ်နှင့်ခြံဝင်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရ...

နေအိမ်နှင့်ခြံဝင်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ


Wed 20-05-2020 Directorate of Industrial Supervision and Inspection

(၁) အိမ်သွယ်ကြိုး(Service Wire)အား ပြောင်းရွှေ့ခြင်း ၊ လဲလှယ်ပြုပြင်ခြင်း ပြုလုပ်လိုပါက လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး သို့ အကြောင်းကြားရန် (ကိုယ်တိုင်ဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ရန်) ၊
(၂) အိမ်သွယ်ကြိုးများ လျော့ကျ၊ ပြတ်ကျနေခြင်း၊ သက်တမ်းကြာမြင့်၍ ကွဲအက်ပေါက်ပြဲနေခြင်း၊ အိမ် ခြံစည်းရိုး၊ သံဇကာ၊ သံဆူးကြိုးတို့နှင့် ထိစပ်နေခြင်းတို့ကို တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုရန်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းလုပ်ပိုင်ခွင့် ရရှိသည့် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အကြောင်းကြားရန် ၊
(၃) အိမ်သွယ်ကြိုးအား နေအိမ်တွင် တခြားအသုံးပြုထားသည့် လျှပ်စစ်ကူးနိုင်သော သတ္တုကြိုး၊  သတ္တု ပစ္စည်းများနှင့် ထိတွေ့မှုမရှိစေရေး ဂရုပြုရန် ၊
(၄) အိမ်သွယ်ကြိုးအား ပေ(၃၀၀)ထက် ကျော်၍ အသုံးမပြုရ၊ ကြိုးအဆက်နေရာ ရှိပါက လျှပ်ကာတိပ် (Insulation Tape)ဖြင့် စနစ်တကျပတ်၍ သေချာစွာ အသုံးပြုရန် ၊
(၅) အိမ်သွယ်ကြိုးများကို သံဇကာခြံစည်းရိုး ၊ သံဆူးကြိုး ၊ ရေတလျှောက်၊ သွပ်ကာ၊ သွပ်မိုးများနှင့် တိုက်ရိုက်ထိစပ်သွယ်တန်းခြင်း မပြုရန်၊
(၆) ဝန်ထမ်းကြိုး(GI Wire)၌ ဓာတ်တိုင်မှ ( ၂ ) ပေ အကွာတွင် ဘဲဥပုံကြွေသီးတစ်ခုနှင့် အဆောက်အဦမှ ( ၁ )ပေ အကွာတွင် ဘဲဥပုံကြွေသီးတစ်ခု တပ်ဆင်သွယ်တန်းရန်၊ သွယ်တန်းထားခြင်း မရှိပါက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ပိုင်ခွင့် ရရှိသည့် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး သို့ အကြောင်းကြား ညှိနှိုင်းဆောင်ရွက်ရန်၊
(၇) နေအိမ်ရှိ လိုင်းဖြတ်ခလုတ်များအား သွင်ကြိုး (Phase Wire)တွင်သာတပ်ဆင်ရန် နှင့်  သွင်ကြိုးတွင် တပ်ဆင်ထားခြင်းမရှိပါက အမြန်ဆုံး ပြောင်းလဲတပ်ဆင် အသုံးပြုရန် ၊
(၈) လျှပ်စစ်ဓာတ်အားသုံး ကိရိယာများ၊ သတ္တုကိုယ်ထည်များတွင် အကာအကွယ်ပြု မြေဓာတ်ချစနစ် တပ်ဆင်ဆက်သွယ်ရန်၊ 
(၉)      ယာယီအသုံးပြုသည့် Flexible ဝါယာကြိုးအပျော့များကို ၂၅ ပေ (၈ မီတာ) ထက် ကျော်လွန် အသုံးမပြုရန် ၊ Flexible Wire များ မှ ဖောက်၍ ဆင့်ပွား တိုးချဲ့သုံးစွဲခြင်းမျိုးမပြုလုပ်ရန်၊ 
(၁၀)   အရည်အသွေးပြည့်မီသော လျှပ်စစ်ပစ္စည်းများကိုသာ အသုံးပြုရန် ၊
(၁၁) လျှပ်စစ်ပစ္စည်းကိရိယာများ ၊ ဝါယာကြိုးများ  ကွဲအက်ပျက်စီးခြင်း ၊ ဆွေးမြေ့ပေါက်ပြဲခြင်း ဖြစ်ပါက ဆက်လက် သုံးစွဲခြင်း မပြုရန်၊ စနစ်တကျ ဖြုတ်သိမ်း၍ အသစ်လဲလှယ်တပ်ဆင်ရန်၊
(၁၂) နေအိမ်မှ အပြင်သို့ သွားလာပါက ပင်မခလုတ်(Main Switch) ကို ပိတ်ခဲ့ရန်၊
(၁၃) ရေစိုနေသော လက်ဖြင့် မီးအဖွင့်/အပိတ် ခလုတ်များ ဖွင့်/ပိတ်ခြင်း၊ Socket နှင့် Plug များကို ဖြုတ်/တပ်ခြင်း မပြုလုပ်ရန် ၊
(၁၄) သံ ၊ သတ္ထုကိုယ်ထည် ဖြင့်ပြုလုပ်ထားသော လျှပ်စစ်ပစ္စည်းများအား ခြောက်သွေ့သော သစ်သားခုံ၊ ရာဘာပြား စသည်တို့ ပေါ်တွင် တင်၍ အသုံးပြုရန် ၊
(၁၅) လျှပ်စစ်ပစ္စည်းကိရိယာများအား သုံးစွဲနေစဉ် ဓာတ်အားပြတ်တောက်သွားပါက ဓာတ်အားဆက်သွယ်မှု ခလုတ်အား ချက်ချင်းပိတ်ထားရန် ၊
(၁၆) နေအိမ်များ၌ လျှပ်စစ်ပစ္စည်းများတပ်ဆင်အသုံးပြုရာတွင် ၎င်းတို့၏ ဝန်အားနှင့် ကိုက်ညီသော လျှပ်စစ်ဝါယာကြိုးများ ၊ လိုင်းဖြတ်ခလုတ်များဖြင့် တပ်ဆင်အသုံးပြုရန်၊
(၁၇) အဝတ်လျှော်စက်၊ ရေပူ/ရေအေးစက်၊ လေအေးပေးစက်၊ လျှပ်စစ်မီးဖို၊ မော်တာ စသည့် လျှပ်စစ်သုံး ပစ္စည်းများတွင် ယိုစီးလျှပ်စစ် (Leakage Current) အား ကာကွယ်ပေးနိုင်သည့် ကိရိယာ (RCD/ RCBO/ RCCB) များ တပ်ဆင်အသုံးပြုရန်၊
(၁၈) နေအိမ်သုံး လျှပ်စစ်ပစ္စည်းကိရိယာများအား မကြာခဏ စစ်ဆေး ပြုပြင်ရန်နှင့် စစ်ဆေး ပြုပြင်ခြင်း နှင့် အိမ်တွင်းဝါယာသွယ်တန်းမှုတို့ကို လျှပ်စစ်ကျွမ်းကျင်မှု ဆိုင်ရာ လက်မှတ်ရရှိသူများဖြင့်သာ ဆောင်ရွက်ရန် ၊
(၁၉) လျှပ်စစ်ပစ္စည်းကိရိယာများကို Socket Point / Extension Box တစ်ခုတည်းတွင် စုပြုံသုံးစွဲခြင်း မပြုရန် ၊ 
(၂၀) လျှပ်စစ်ကြောင့် အပူလွန်ကဲ၍ မီးလောင်မှု ၊ ဓာတ်လိုက်မှု စသည့် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ် ပါက မိန်းခလုတ်ကို အမြန်ဆုံးပိတ်ရန် ၊

 


Top