နေပြည်တော်၊ မေ ၁၉
စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို နေပြည်တော် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ်(၃၀)တွင် ၁၉.၅.၂၀၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပွဲ သို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။ စက်မှုဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးသွင်မြင့်မောင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ အမြဲတမ်းအတွင်းဝန်မှ ပြောကြားရာတွင် ယနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ စီးပွားရေးနဲ့လူမှုရေး ပြုပြင်ပြောင်းလဲမှုအခြေခံမူဘောင် (Framework for Economic and Social Reform, FESR) နှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု အနှစ်(၂၀)စီမံကိန်း (National Comprehensive Development Plan, NCDP) တို့နှင့်အညီ စက်မှုဝန်ကြီးဌာန၏ ပြောင်းလဲ ဖွဲ့စည်းမှု၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအသုံးစရိတ် လျော့ကျစေရေးအတွက် ဖျက်သိမ်းသင့်သည့် ဌာနများကို ဖျက်သိမ်းမှု၊ ပူးပေါင်းဖွဲ့စည်းသင့်သည့် ဌာနများကို ပူးပေါင်းဖွဲ့စည်းမှု၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍာန်ကို တိုးမြှင့်ဖော်ဆောင်မှု၊ ပြည်သူများ လိုလားနှစ်သက်သည့် အုပ်ချုပ်မှုယန္တရားဖြစ်စေရန် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို Media များမှတစ်ဆင့် ပြည်သူလူထုထံသို့ အသိပေး ဖြန့်ဝေနိုင်ရန်ဖြစ်ပါကြောင်း၊
နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ(၄)ရပ်တွင် ပထမဦးဆုံးအချက်မှာ “စိုက်ပျိုးရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် ကဏ္ဍစုံ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” အား ဦးစားပေးကဏ္ဍအနေဖြင့် အခိုင်အမာပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမှာ ဖြစ်ပါ ကြောင်း၊ မိမိတို့ စက်မှုဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလာသည့် စီးပွားရေးစနစ်၊ အုပ်ချုပ်ရေး ယန္တရားများနှင့်အညီ စက်မှုဝန်ကြီးဌာန၏ မူဝါဒ (Policy)၊ အနာဂတ်မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် တာဝန်များ (Mission)နှင့် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ (Work Program) ကို ဦးစွာ ရှင်းလင်းတင်ပြလိုပါကြောင်း၊
ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်မည် ဆိုပါက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ပင်မကျောရိုးဖြစ်သည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းများသည် နိုင်ငံသားများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေး အတွက် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သည့် စက်ပစ္စည်းအစိတ် အပိုင်းများ၊ စက်အရံပစ္စည်းများနှင့် သွင်းကုန်အစားထိုးစက်မှုထုတ်ကုန်များကို ဖြည့်ဆည်းပေးနိုင် သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖော်ဆောင်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊
သို့ဖြစ်၍ နိုင်ငံတော်၏မျှော်မှန်းချက် (Vision) ဖြစ်သော “အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်တည်ဆောက်ရန်” ဆိုသည့် မျှော်မှန်းချက်နှင့် အညီ စက်မှုလုပ်ငန်းမူဝါဒ၏ အနာဂတ်မျှော်မှန်းချက်ကို “ခေတ်မီစက်မှုနိုင်ငံ တည်ဆောက်ရန်”ဟု ရှင်းလင်းပြတ်သားစွာ ချမှတ်ခဲ့ပါကြောင်း၊
မျှော်မှန်းချက်(Vision)ကို ပြည့်မီရန် ရည်မှန်းချက်တာဝန်(Mission)နှင့် တစ်ဆင့်ပြီး တစ်ဆင့် သို့မဟုတ် တစ်ပြိုင်တည်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Work Program)များကိုလည်း တိတိကျကျ အကောင်အထည်ဖော်ရမှာဖြစ်ပါကြောင်း၊ စက်မှုလယ်ယာကဏ္ဍ၊ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်၊ တန်ဘိုးမြှင့်ထုတ်ကုန်၊ အရင်းအမြစ်များ သုံးစွဲမှုနှင့် ရေရှည် တည်တံ့မှု၊ နိုင်ငံတော်၏ GDP တွင် စက်မှုကဏ္ဍကြီး (စွမ်းအင်၊ သတ္တု၊ စက်မှုလက်မှု၊ လျှပ်စစ်၊ ဆောက်လုပ်ရေး)၏ပါဝင်မှုကို တိုးမြှင့်ရန်ဟူသော ရည်ရွယ်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊
GDP တွင် စက်မှုကဏ္ဍကြီး၏ ပါဝင်မှုနှင့်ပတ်သက်၍ ထပ်မံရှင်းလင်း တင်ပြလိုပါကြောင်း၊ စက်မှုဖြစ်ထွန်းမှု မဟာဗျူဟာအရ မြန်မာနိုင်ငံ၏ ၂၀၃၀ ပြည့်နှစ်တွင် ဖြစ်ထွန်းပေါ်ပေါက်လာရန် ရည်မှန်းထားသည့် စီးပွားရေးပုံသဏ္ဍာန်မှာ လယ်ယာကဏ္ဍကြီး၏ပါဝင်မှု - ၂၄ %၊ စက်မှုကဏ္ဍကြီး ၏ပါဝင်မှု - ၃၇ %၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ပါဝင်မှု - ၃၉ % အထိ ဖြစ်ထွန်းပေါ်ပေါက်စေရန် ဖြစ်ပါ ကြောင်း၊
စက်မှုကဏ္ဍကြီးတစ်ခုတည်းအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၂၇.၁ % ရှိရာမှ စီးပွားရေးဖွံ့ဖြိုးမှုပြောင်းလဲလာသော ပုံသဏ္ဍာန်အရ နှစ်စဉ်ပုံမှန် တိုးတက်လာခဲ့ရာ ၂၀၁၂-၂၀၁၃ တွင် ၃၀.၃ % ၊ ၂၀၁၃-၂၀၁၄ တွင် ၃၃.၈ % ၊ ၂၀၁၄-၂၀၁၅ တွင် ၃၅.၀ % ၊ ၂၀၁၅-၂၀၁၆ တွင် ၃၅.၄ % အထိ ပြောင်းလဲတိုးတက်လာခဲ့ပါကြောင်း၊ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ၃၇.၀ % အထိ တိုးတက်ရရှိ အောင် ရည်မှန်းချက်ထားပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
လုပ်ငန်းစဉ်များအနေဖြင့် ပြည်တွင်း/ပြည်ပ စက်မှုလုပ်ငန်းများအတွက် သင့်တော်သည့် ဝန်းကျင် ကောင်းတစ်ခုဖန်တီးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်းကျင်ကောင်း ဟုဆိုရာတွင် (အခြေခံအဆောက်အဦ၊ နည်းပညာ၊ ငွေကြေး၊ လုပ်သား၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း) စသည့် အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေကောင်းတစ်ခုအား ဖန်တီး တည်ဆောက်ပေးထားခြင်းကို ဆိုလိုပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
စက်မှုဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးများကို ရှင်းလင်းတင်ပြရမည်ဆိုပါက စက်မှု ဝန်ကြီးဌာနအဖြစ် ပေါင်းစည်းဖွဲ့စည်းခြင်းမပြုမီ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် ဌာန(၈)ခုရှိပြီး ဖွဲ့စည်းပုံ ခွင့်ပြုအင်အားမှာ အရာထမ်းရာထူး (၃,၉၆၈)နေရာ၊ အမှုထမ်းရာထူး (၄၁,၀၃၂)နေရာ၊ စုစုပေါင်း ရာထူး (၄၅,၀၀၀)နေရာဖြစ်ပါကြောင်း၊
ထို့အတူ အမှတ်(၂)စက်မှုဝန်ကြီးဌာနတွင် ဌာန(၅)ခုရှိပြီး ဖွဲ့စည်းပုံ ခွင့်ပြုအင်အားမှာ အရာထမ်း ရာထူး (၁,၃၃၇)နေရာ၊ အမှုထမ်းရာထူး (၁၅,၁၉၅) နေရာ၊ စုစုပေါင်းရာထူး (၁၆,၅၃၂)နေရာ ဖြစ်ပါ ကြောင်း၊
နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြား ပြန့်ကြဲနေသည့် စက်မှု လုပ်ငန်းများကိုစုစည်း၍ ကျစ်လစ်စွာ ပေါင်းစပ်ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂.၁၂.၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၅/၂၀၁၁ အရ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနတို့အား ပေါင်းစပ်ပြီး စက်မှုဝန်ကြီး ဌာန တစ်ခုတည်း အဖြစ် ပြင်ဆင်ဖွဲ့စည်းစေခဲ့ပါကြောင်း၊
စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၉.၃.၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၁၂)မှ သဘောတူညီချက်အရ အရာထမ်းရာထူး (၄,၅၆၀) နေရာ၊ အမှုထမ်းရာထူး (၄၂,၉၅၈)နေရာ၊ စုစုပေါင်းရာထူး (၄၇,၅၁၈)နေရာဖြင့် ၄.၄.၂၀၁၂ ရက်နေ့မှ စ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၃)ခု၊ စက်မှုလုပ်ငန်း(၆)ခုနှင့် ဗဟိုဌာန(၂)ခု၊ စုစုပေါင်းဌာန (၁၂)ခု ပါဝင်ပါကြောင်း၊
ထိုသို့ဆောင်ရွက်ခြင်းကြောင့် အရာထမ်းအင်အား (၇၄၅)ဦးနှင့် အမှုထမ်းအင်အား (၁၃,၂၆၉) ဦး၊ စုစုပေါင်း (၁၄,၀၁၄)ဦး လျှော့ချနိုင်ခဲ့ပြီး လစာစရိတ်အနေဖြင့် (၉,၁၁၈.၁၂)သန်း လျော့နည်း သက်သာခဲ့ပါကြောင်း၊
နောက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအား ပြန်လည်ဆန်းစစ်ခဲ့ရာ လုပ်ငန်းသဘာဝ တူညီမှုရှိသော ဦးစီးဌာနများပါဝင်နေခြင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍနှင့် အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့ဌာနများ၏ ဖွဲ့စည်းပုံအား တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ခြင်း၊ စက်ရုံ/အလုပ်ရုံများအား ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ အကျိုးတူ/ ဖက်စပ်ဆောင်ရွက်ခြင်း များ ပြုလုပ်ခဲ့သဖြင့် ဖွဲ့စည်းပုံပြန်လည်အပ်နှံရန် လိုအပ်ခြင်းတို့ကြောင့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်လာပါကြောင်း၊
သို့ဖြစ်၍ စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၆.၂.၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄)မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း ရာထူး (၄,၉၄၃)နေရာ၊ အမှုထမ်းရာထူး (၄၃,၅၇၁)နေရာ၊ စုစုပေါင်းရာထူး (၄၈,၅၁၄)နေရာဖြင့် ၁.၄.၂၀၁၄ ရက်နေ့မှစ၍ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအသစ် တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၂)ခု၊ စက်မှုလုပ်ငန်း(၆)ခုနှင့် ဗဟိုဌာန(၁)ခု၊ စုစုပေါင်းဌာန (၁၀)ခု ပါဝင်ကြောင်း၊
နိုင်ငံတော်၏စီးပွားရေးကို အဓိကအထောက် အပံ့ပေးနိုင်မည့် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်မှုအောက်တွင် ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းအင်အားကိုလည်း ဖြည့်စွက်ဖွဲ့စည်းခဲ့ ပါကြောင်း၊ ဖွဲ့စည်းပုံအသစ်အရ ဌာနအရေအတွက်အနေဖြင့် နှစ်ခုလျော့ကျသွားသော်လည်း အရာထမ်း အင်အား (၃၈၃)ဦး၊ အမှုထမ်းအင်အား (၆၁၃)ဦး၊ စုစုပေါင်းအင်အား (၉၉၆)ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ ပါကြောင်း၊
ဆက်လက်၍ နိုင်ငံတော်အစိုးရမှ အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေး ပြုပြင် ပြောင်းလဲမှု၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနများရှိ ဝန်ကြီးရုံးများကို တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းရန် လမ်းညွှန်မှုအရ စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကိုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ထပ်မံပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊
ထို့ကြောင့် စက်မှုဝန်ကြီးဌာနရှိ ဝန်ကြီးရုံးအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဦးစီးဌာန အချို့အား လိုအပ်ချက်အရ အမည်ပြောင်းလဲ၍ ပြင်ဆင်လျှော့ချ ဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းများကို ပူးပေါင်း ဖွဲ့စည်းခြင်း၊ ဗဟိုဌာနကို ဖျက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊
ပြင်ဆင်ဖွဲစည်းခဲ့သည့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၅)မှ သဘောတူခွင့်ပြုချက် အရ အရာထမ်းရာထူး (၄,၆၂၁)နေရာ၊ အမှုထမ်းရာထူး (၃၉,၉၆၅)နေရာ၊ စုစုပေါင်းရာထူး (၄၄,၅၈၆)နေရာ ဖြင့် ၁.၄.၂၀၁၅ ရက်နေ့မှစ၍ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံတွင် ဝန်ကြီးရုံး၊ ဦးစီးဌာန(၂)ခုနှင့် စက်မှုလုပ်ငန်း(၄)ခု၊ စုစုပေါင်းဌာန (၇)ခုဖြင့် ဖွဲ့စည်း ထားပါကြောင်း၊
ယခုကဲ့သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းကြောင့် ဌာနအရေအတွက် (၃)ခု လျှော့ချနိုင်ခဲ့သည့် အပြင် အရာထမ်း (၃၂၂)ဦး၊ အမှုထမ်း (၃၆၀၆)ဦး၊ စုစုပေါင်း (၃၉၂၈)ဦး လျော့ကျသွားပြီး တစ်နှစ်လျှင် လစာ စရိတ် ကျပ်သန်း (၄,၇၃၀.၈၉၀)ကို လျှော့ချနိုင်ခဲ့ပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနသည် (၅)နှစ်အတွင်း စုစုပေါင်း ဝန်ထမ်းအင်အား (၁၂,၀၀၀)ကျော် ပြင်ဆင် လျှော့ချဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများ၏ လူမှုဘဝပြည့်စုံရေးအတွက် နှစ်စဉ်လစာငွေ တိုးမြှင့် ပေးခဲ့သည့်အတွက် အသုံးစရိတ်မှာ အနည်းငယ် တိုးတက်လာပါကြောင်း၊
ယင်းအပြင် ဝန်ကြီးဌာနများကို နိုင်ငံရေးတာဝန်ဖြင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ အလှည့်ကျ လာရောက်တာဝန်ထမ်းဆောင်သောအချိန်၊ အလွှဲအပြောင်းကာလ လစ်လပ် ချိန်များတွင် ဝန်ကြီးဌာနတစ်ခုလုံးကို ကိုယ်စားတာဝန်ခံမည့် အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်များကိုလည်း ယခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ပြီး တာဝန်ပေးခန့်အပ်ထားပြီး ဖြစ်ပါကြောင်း၊
အမြဲတမ်းအတွင်းဝန်များအနေဖြင့် စီမံကိန်းများ၊ ဘဏ္ဍာငွေအရအသုံးစာရင်းများ အစစ်ဆေး ခံနိုင်ရန်၊ မိမိဌာန၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်သွားနိုင်ရန် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးရုံးဖွဲ့စည်းပုံအား အရာထမ်းရာထူး(၅၀)နေရာ၊ အမှုထမ်းရာထူး(၁၁၅)နေရာ စုစုပေါင်း ရာထူး (၁၆၅)နေရာဖြင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်၍ တိုးချဲ့ဖွဲ့စည်းခဲ့ ပါကြောင်း၊
စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအားအထက်ပါအတိုင်း အဆင့်ဆင့်လျှော့ချ ဖွဲ့စည်းခဲ့ သော်လည်း နိုင်ငံပိုင်စက်ရုံများကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍာန်နှင့် ဖော်ဆောင်ထားနိုင်ခဲ့သဖြင့် ခန့်အပ်ထားသည့်ဝန်ထမ်းများကို ထိခိုက်စေခဲ့မှုမရှိသည့်အပြင် ပိုလျှံ ဝန်ထမ်းများ ဖြစ်ပေါ်မှုမရှိဘဲ နိုင်ငံ့ဝန်ထမ်းများ၏ အလုပ်အကိုင်တည်ငြိမ်မှုကို ထိန်းသိမ်းတည့်မတ် ပေးနိုင်ခဲ့ပါကြောင်း၊
ယခုကဲသို့ ထိန်းသိမ်းတည့်မတ်ပေးနိုင်ရန်အတွက် Privatization ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံပိုင် စက်ရုံပေါင်း (၁၄၄)ရုံအနက် စက်ရုံ(၃၀)ကို ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းလုပ်ကိုင်စေခဲ့ ပါကြောင်း၊ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စက်ရုံ(၁)ရုံ၊ ဖက်စပ်စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည့် စက်ရုံ(၂)ရုံ၊ နှစ်တိုနှစ်ရှည်ငှားရမ်း ဆောင်ရွက်လျက်ရှိသည့် စက်ရုံ(၅၆)ရုံရှိသဖြင့် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စက်ရုံများမှာ စုစုပေါင်း(၅၉)ရုံရှိပြီး စစ်တောင်းစက္ကူစက်ရုံ မြေနေရာကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နိုင်ငံတော်သို့ အပ်နှံခဲ့သည့်အတွက် လက်ရှိအချိန်တွင် စက်မှုဝန်ကြီးဌာန၌ နိုင်ငံပိုင်စက်ရုံအဖြစ် (၅၄)ရုံသာ ကျန်ရှိ ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော် အနေဖြင့် ဝန်ထမ်းလစာအပါအဝင် စက်ပစ္စည်းများ တန်ဘိုးလျော့ကျမှုအဖြစ် နှစ်စဉ်ငွေကျပ် (၁၅.၃၀၈)ဘီလီယံသက်သာသွားပြီး စက်ရုံငှားရမ်းခအဖြစ် တစ်နှစ်လျှင်ငွေကျပ် (၇.၈၇၁)ဘီလီယံ ခန့် ဝင်ငွေရရှိပါကြောင်း၊
ယခုကဲ့သို့ ငှားရမ်းရာတွင် စက်ရုံကုန်ထုတ်လုပ်မှုကို မထိခိုက်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုစေရန်အတွက် လက်ရှိစက်ရုံတွင် လုပ်ကိုင်နေသော ဝန်ထမ်း အားလုံးကို ယင်းစက်ရုံများ၌ပင် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်စေလျက် ရှိပြီး ယင်းတို့မှာလည်း နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် အများနည်းတူ တိုးမြှင့်လစာများ အပြည့် အဝခံစားခွင့်ရရှိမှာဖြစ်ပါကြောင်း၊ ထိုသို့ရရှိရန်လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး ဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပညာအရည်အချင်း၊ လုပ်သက်၊ လုပ်ငန်းကျွမ်းကျင်မှု၊ ကြိုးစားအားထုတ်မှုစသည့် အရည်အသွေးများကို အကဲဖြတ်ပြီး ရာထူးတိုးမြှင့်ရေး၊ ပြည်တွင်း/ ပြည်ပသင်တန်းများသို့ တက်ရောက်ခွင့်ရရှိရေး စသည့် အခွင့်အလမ်း များကိုလည်း ရရှိ ခံစားနိုင်မှာဖြစ်ကြောင်း၊
အစိုးရမှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသော စက်ရုံများရှိ လုပ်သားအများစု၏အခက်အခဲမှာ ယခင်နိုင်ငံပိုင်အဖြစ် လည်ပတ်စဉ်ကာလက တစ်ပတ်လျှင် အလုပ်ချိန် နာရီ(၄၀)သာ အလုပ်လုပ် ခဲ့ရသော်လည်း ပုဂ္ဂလိကအဖြစ် ပြောင်းလဲလည်ပတ်ချိန်တွင် အလုပ်ချိန်သည် တစ်ပတ်လျှင် (၄၄) နာရီအထိ ရှိလာခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာကို နှစ်စဉ်တိုးမြှင့်ပေးနေသကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှ ငှားရမ်းထားသော လုပ်သားများ၏လစာကို လိုက်ပါတိုးမြှင့်ပေးနေရခြင်းကြောင့် အလုပ်ရှင်များ၏ အမြတ်အစွန်းရရှိမှုကို ထိခိုက်လာနိုင်ခြင်း၊ စီးပွားရေးအရ တွက်ခြေမကိုက်တော့သည့် ငှားရမ်းစက်ရုံ များနှင့် ဝန်ထမ်းလုပ်သားများအား ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးမည်ဆိုပါက ယင်းဝန်ထမ်း များအား ခန့်ထားရန်အတွက် နေရာအလုံအလောက် မရှိတော့ခြင်းစသည့် အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်၍ နိုင်ငံတော်အနေဖြင့် ပြည်တွင်းလုပ်သားများ အလုပ်အကိုင် ပိုမိုရရှိရေးအတွက် အထူးစီးပွားရေးဇုန်များကို ဖော်ဆောင်လျက်ရှိသည့်အပြင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ မှလည်း ပြည်တွင်းစက်မှုဇုန်များကို တိုးချဲ့တည်ဆောက်ပြီး လုပ်သားများအတွက် အလုပ်အကိုင် တည်ငြိမ်မှုကို ရရှိစေနိုင်မည့် ဝန်းကျင်ကောင်းတစ်ရပ်ကို ဖန်တီးပေးလျက်ရှိပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း မိမိဝန်ကြီးဌာနရှိ အရင်းအမြစ်များကို အသုံးချ၍ ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည့်ဒေသများတွင် ရွေ့လျားစက်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ချိတ်ဆက်၍ လိုအပ်သောသင်တန်းများပေးကာ အလုပ်အကိုင်များ ပိုမိုရရှိနိုင်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိမိဝန်ကြီးဌာန၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကဏ္ဍများကိုလည်း ခေတ်စနစ် နှင့်အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊
နိဂုံးချုပ်အားဖြင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှစ၍ ဖွဲ့စည်းပုံ အသစ်၊ လူသစ်စိတ်သစ်များနှင့် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်မှုမှတဆင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်း အား တိုးမြှင့်နိုင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုပီပြင်လာရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော သတင်းမီဒီယာများမှ သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ကြရာ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူးများမှ ပြန်လည် ရှင်းလင်းဖြေကြားပြီး နေ့လည်(၂)နာရီတွင် သတင်းထုတ်ပြန်သည့် အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။