Mobile Vocational Training Truck

        စက်မှုဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်ကိုင်အခွင့်လမ်းရရှိနိုင်မှုကို မြှင့်တင်ပေးရန်နှင့် သက်မွေးပညာဆိုင်ရာကျွမ်းကျင်မှုကိုမြှင့်တင်ပေးရန်အတွက် Mobile Vocational Training Truck များဖြင့်စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်းများကို ကျေးလက်ဒေသအရောက်သွားရောက်ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။
     ကျေးလက်နေပြည်သူများအတွက် စက်မှုနှင့်သက်မွေးပညာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်သော Mobile Vocational Training Truck များကို အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ) တွင် ကိုယ်တိုင် Design ပုံစံပြုပြီး တပ်ဆင်ထုတ်လုပ်လျက်ရှိပါသည်။
       Mobile Vocational Training Truck ဖြင့် ဆိုင်ကယ်အင်ဂျင်နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး အင်ဂျင်ငယ်များပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ ဂဟေဆော် သင်တန်းနှင့် အခြေခံလျှပ်စစ်ဘာသာရပ်သင်တန်း စသည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါမြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်သုံးစွဲမှု ပိုမိုများပြားလာသည့်အတွက် ပြည်သူများလျှပ်စစ်ပစ္စည်းများကို ဘေးအန္ဒရာယ်ကင်းစွာ အသုံးပြုနိုင်စေရန်အတွက် လျှပ်စစ်အကြောင်းသိကောင်းစရာများကို ပညာပေးဟောပြောခြင်းနှင့် လျှပ်စစ်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံလျှပ်စစ်ကျွမ်းကျင်မှု သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန်အတွက် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ အခြေခံပညာရပ်များကို အထူပြုသင်ကြားလေ့ကျင့်ပေးမည့် Mobile Vocational Training Truck ကိုတပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
          အဆိုပါ Mobile Vocational Training Truck အား(၁၇.၈.၂၀၁၈)ရက်နေ့တွင် မုံရွာမြို့တွင်ကျင်းပပြုလုပ်မည့် အငယ်စား၊အသေးစားနှင့်အလတ်စားစီးပွားလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် အများပြည်သူလေ့လာနိုင်ရန် ပြသပေးပြီးနောက် မြစ်ကြီးနားမြို့တွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၃/၂၀၁၈) ကို တစ်ပတ်ကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။ ထို့နောက် မိုးညှင်းမြို့၊ အင်းတော်မြို့၊ မော်လူးမြို့၊ကန့်ဘလူမြို့ နှင့် ရွှေဘိုမြို့တို့တွင်လည်း လျှပ်စစ် အကြောင်းသိကောင်းစရာဟောပြောပွဲများကို သြဂုတ်လကုန်အထိ ဆက်တိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးပါသည်။