ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို BPI ဆေးဝါးအသစ်များ မိတ်ဆက်ခြင်းနှင့် BPI မှ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု ISO 9001:2015 အသိအမှတ်ပြု လက်မှတ်ရရှိခြင်း အခမ်းအနား တက်ရောက်

ရန်ကုန် သြဂုတ် ၂၆
     ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ အရည်အသွေးဆိုင်ရာစီမံခန့်ခွဲမှု အသိအမှတ်ပြု ISO လက်မှတ်ရရှိခြင်း၊ BPI ဆေးဝါးအရောင်းကိုယ်စားလှယ်များအား မိတ်ဆက်ခြင်းနှင့် BPIစက်ရုံမှ ထုတ်လုပ်သောဆေးဝါးအသစ်များ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။
       အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုက BPI ဆေးဝါးများသည် GMP Guide Line နှင့်အညီထုတ်လုပ်လျက်ရှိပြီး FDA အသိအမှတ်ပြုပြီးမှသာ ပြည်သူ များသို့ ရောင်းချဖြန့်ဖြူးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်လျက်ရှိရာတွင် ပုဂ္ဂလိကဆေးဝါးစက်ရုံများလည်း ပေါ်ပေါက်လာပြီဖြစ်၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ကူညီပံ့ပိုးလျက် ရှိပါကြောင်း ပြောကြားသည်။
       ယင်းနောက် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးကိုကိုအောင်က မြန်မာ့ဆေးဝါးလုပ်ငန်း၏ လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေ၊ PPP စနစ်ဖြင့် ဆေးဝါးအလုပ်ရုံအသစ်များ တိုးချဲ့ဆောင်ရွက်မှုနှင့် ဆေးဝါးထုတ်လုပ်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆေးဝါးစက်ရုံ(အင်းစိန်) BPI အနေဖြင့် GMP Guide Line နှင့်အညီ ခေတ်မီ ဆေးဝါးထုတ်လုပ်မှု အဆောက်အဦများတည်ဆောက်ပြီး ပြည်သူလူထု လိုအပ်လျက်ရှိသော ဆေးဝါးများကို လျာထားချက်ထက် တိုးမြှင့်ထုတ်လုပ်လျက်ရှိသည်။
     BPIဆေးဝါးများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အရောင်းကိုယ်စားလှယ်များအပြင် အများပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင် စေရန် City Mark၊ Orange၊ Captialစသော Super Marketများ ပြည်နယ်နှင့်တိုင်းများရှိ BPIဆေးဝါးအရောင်းဆိုင်များတွင်လည်း ဈေးနှုန်း မှန်ကန်စွာဖြင့် ရောင်းချ ပေးလျက်ရှိသည်။
       ယခုအချိန်တွင် ပြင်ပဒေါ်လာဈေး မြင့်တက်၍ ပြင်ပမှတင်သွင်းလာသော ဆေးများမှာ ဈေးနှုန်းမြှင့်တင်၍ ရောင်းချလျက်ရှိသော်လည်း ပြည်သူလူထု လွယ်ကူ သက်သာစွာ ဝယ်ယူနိုင်ရန် BPIဆေးဝါးအချို့ကို ဈေးနှုန်းလျော့ချ ရောင်းချပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် အောက်ပစ္စယံရှိ ရွှေစင်ရွှေပြားထုတ်လုပ်သည့် အဆောက်အဦ မင်္ဂလာအုတ်မြစ်စီ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။