ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဉ္စမအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသတွင်း ထုတ်ကုန်ပစ္စည်များ(MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မုံရွာ၊ သြဂုတ် ၁၇
     ပဉ္စမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ (MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ (၂၀၁၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ ၌ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။
    အခမ်းအနားသို့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ် ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
      အခမ်းအနားတွင် ဒုတိယသမ္မတက အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ( ၄ ) ကြိမ်အထိ အောင်မြင်စွာကျင်းပပြုလုပ်ပြီးဖြစ်ပါကြောင်း။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ယနေ့ ကျင်းပပြုလုပ်သည့် MSMEs ထုတ်ကုန် ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲသည် ပဉ္စမအကြိမ်မြောက်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ယခုကဲ့သို့သော ပြပွဲ၊ ပြိုင်ပွဲများ ကို အလှည့်ကျဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်အနေဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် တစ်နိုင်ငံလုံးအတွက် MSMEs Products ပြပွဲနှင့် National Award ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း။ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ MSME များ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများကို ပြုလုပ် ကျင်းပလျက်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အသင်းအဖွဲ့ များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် Stakeholder များအားလုံး စုံစုံညီညီ ပူးပေါင်း၍ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ကျင်းပပြီးခဲ့သည့် ပြပွဲ၊ ပြိုင်ပွဲများ၏ရလဒ်များကို အခြေခံ၍ လက်တွေ့ဆောင်ရွက်သင့်သည့် အစီအမံများကိုလည်း ဖြည့်ဆည်းအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
     ဒေသအလိုက် ပြိုင်ပွဲများတွင် MSMEများ၏ လိုအပ်ချက်များကို ထောက်ပြ ဆွေးနွေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် MSME များ၏ အခက်အခဲများကို သက်ဆိုင်ရာဒေသ Agency အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးခြင်းနှင့် ပံ့ပိုးပေးခြင်း၊ ပြပွဲ၊ပြိုင်ပွဲများတွင် ဆုရရှိသည့် လုပ်ငန်းများနှင့် အလားအလာရှိသည့် လုပ်ငန်းများကို မှတ်တမ်းတင်ထားရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာTrade Fair များ၊ Business Matching အစီအစဉ်များနှင့် Business Plan Competition များ ကျင်းပပြုလုပ်ရာသို့ ဖိတ်ခေါ်ပေးခြင်း၊ ငွေကြေးအရင်းအနှီးရရှိ နိုင်ရေးအတွက် ဘဏ်များနှင့်ချိတ်ဆက်ပေးခြင်း၊ လက်လီရောင်းချသူများထံသို့ ဒေသထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။ ဆက်လက်၍လည်း ဒေသဆိုင်ရာ MSME များ၏ ထုတ်ကုန်များကို အများပြည်သူသို့ ပိုမိုမိတ်ဆက် ရှင်းလင်းတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ဦးဆောင်မှုဖြင့် MSME လုပ်ငန်းရှင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းများ၊ နည်းပညာဆိုင်ရာပံ့ပိုးပေးသည့် သင်တန်းများ၊ ဈေးကွက်နှင့် ငွေကြေးရရှိရေးဆိုင်ရာသင်တန်းများနှင့် အထောက်အကူပြု ဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိနေပါကြောင်း။
      MSME လုပ်ငန်းများအနေဖြင့် လုပ်ငန်းရှင်များ၏ တီထွင်ကြံဆမှု၊ ဆန်းသစ်မှု၊ စွန့်စားမှုများကြောင့် မိရိုးဖလာစီးပွားရေးလုပ်ငန်းများမှ Innovative MSME အသွင်သို့ ပြောင်းလဲလာပြီး စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များ ထွက်ပေါ်လာစေရန် လိုအပ်ပါကြောင်း။ နိုင်ငံတော်က ဦးဆောင်ကျင်းပပေးသည့်ပြပွဲ၊ ပြိုင်ပွဲများတွင် အခြားလုပ်ငန်းရှင်များ၏ စိတ်ကူးစိတ်သန်း၊ ကြိုးပမ်းအားထုတ်မှု၊ ဈေးကွက်ကို ထိထိမိမိ မိတ်ဆက်နိုင်မှုများကို အတုယူရန်လိုအပ်ပါကြောင်း။ မြန်မာ့ SME လုပ်ငန်းများအနေဖြင့် စီးပွားရေးဆိုင်ရာ ဆန်းသစ်သည့် အတွေး အခေါ်အသိအမြင်များ ဖွံ့ဖြိုးတိုးတက်လာပြီး၊ ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှသာ ဒေသတွင်းလုပ်ငန်းများနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း။ ယခုကဲ့သို့ ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပေးသည့်အတွက် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ၊ ထုတ်ကုန်များ၏ ထူးခြားချက်နှင့် အားသာချက်များကို ဖော်ထုတ်ပြသနိုင်သည့် အခွင့်အရေး ရရှိသကဲ့သို့ မိမိတို့ ဒေသ၏ သဘာဝအရင်းအမြစ်ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ကို စိတ်ဝင်စားစေမည်ဖြစ်ပါကြောင်း။ ယခုပြပွဲ၊ပြိုင်ပွဲ၏ ထူးခြားမှု တစ်ခုမှာ ပုဂ္ဂလိကဘဏ်များကို ဖိတ်ခေါ်ထားခြင်း ဖြစ်ပါကြောင်း၊ ပြပွဲပြိုင်ပွဲနှင့်အတူ ပေါ်ပေါက်လာသည့် အခွင့်အရေးများကို မိမိရရ ရယူဆောင် ရွက်နိုင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
      ဒေသကြီးတစ်ခုတွင် ပြုလုပ်သည့် ပြပွဲ၊ပြိုင်ပွဲများတွင် အခြားဒေသများမှ လုပ်ငန်းများ လည်း လာရောက်ပါဝင်ပြသနိုင်ခြင်းဖြင့် ဒေသတစ်ခုနှင့် တစ်ခုအကြားရှိ Supply Chain ကို ဖြည့်ဆည်းနိုင်ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်လာနိုင်ပါကြောင်း။ MSME များအနေဖြင့် ဈေးကွက်အခွင့်အလမ်းမရရှိလျှင် ရေရှည်တည်တံ့နိုင်မည် မဟုတ်သည့်အတွက် ရေရှည်တည်တံ့နိုင်စေရန် မိမိတို့၏ထုတ်ကုန်ပစ္စည်းများသည် အရည် အသွေးကောင်းမွန်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိရန်လိုအပ်မည်ဖြစ်သည့်အပြင် နိုင်ငံတကာ ဈေးကွက်ရရှိနိုင်ရေးအတွက်လည်း ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ပါကြောင်း။ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဖော်ဆောင်နိုင်သည့် MSME လုပ်ငန်းများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်လာစေရေးနှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အထောက်အကူပြုနိုင်သည့် MSME အသိုက်အဝန်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် ရည်မှန်းချက်ထား၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
    ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိ မှုများနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ပဉ္စမအကြိမ် ဒေသတွင်းထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး အတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက အလှူငွေများပေးအပ်လှူဒါန်းကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးတို့က လက်ခံကြပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
  
 
     ထို့နောက် ပဉ္စမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ (MSMEs Products) ပြပွဲနှင့် ပြိုင်ပွဲ အခမ်းအနားကို မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ဆက်လက်ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဒေါက်တာမြင့်နိုင်နှင့် ဒေါက်တာအောင်မိုးညို၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဒေါက်တာထွန်းနိုင်၊ ဦးမောင်မောင်ဝင်း နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းတို့က ပဉ္စမအကြိမ် အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
  
     ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ပဉ္စမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဒုတိယသမ္မတ သည် မုံရွာမြို့ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မုံရွာဘဏ်ခွဲ၌ ကျင်းပသည့် SME Centre ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့က SME Centre ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ယင်းနောက် ဒုတိယသမ္မတသည် ဘဏ်ခွဲအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။