SME လုပ်ငန်းရှင်များ အတွက် "Taking Your Business to the Next Level" Programme သတင်းမှတ်တမ်း

ရန်ကုန်  ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၁၁
      စက်မှုဝန်ကြီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Rock Start Impact Myanmar အဖွဲ့အစည်းတို့ ပူးပေါင်း၍ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်လာစေရန်၊ အသိပညာ၊ အတတ်ပညာများ ရရှိစေရန် နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့် အနီးကပ်အကြံပေး လမ်းညွှန်ခြင်း၊ သင်တန်းပို့ချပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ရရှိစေရန် ချိတ်ဆက်ပေးနေခြင်း တို့ကို အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ သိရှိနိုင်ရန်နှင့် ၄င်းတို့အား Program တွင် ပါဝင်နိုင်ရန် မည်ကဲ့သို့ လျှောက်ထားနိုင်ကြောင်းကို အသိပေးပြောကြားနိုင်ရန်ရည်ရွယ်၍ "Taking Your Business to the Next Level" Program ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
      အဆိုပါ Programme ကို (၁၁.၈.၂၀၁၈) ရက်၊ စနေနေ့တွင် အမှတ် ၃၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Rockstart Impact Myanmar ၏ Program Coordinator Ms. Ada Chai မှ Programme နှင့်ပတ်သက်၍ အနည်းငယ် ရှင်းလင်းပြောကြားခဲ့ပါသည်။
       ထို့နောက် Rockstart lmpact Myanmar ၏ Country Manager ဖြစ်သူ Mr. Robbert Groenen မှ moderator အဖြစ်ဦးဆောင်၍ Insitor Management ၏ Myanmar Country Manager ဖြစ်သူ Mr. Bradley Kopsick၊ Anthem Asia ၏ Senior Investment Associate ဖြစ်သူ Ms. Jessica Thiri Aung၊ Yoma Bank ၏ Senior Manager of SME Sales Innovation ဖြစ်သူ Mr. Paul Wild၊ CB Bank ၏ Management Associate of the SME Banking Department ဖြစ်သူ U Sai Naw Line၊ A Bank ၏ Executive Manager of the SME Department ဖြစ်သူ U Saw Hanter Win နှင့် RBF Myanmar ၏ Team Leader ဖြစ်သူ Mr.Amarnath Reddy တို့မှ ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာ SME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်သည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များထဲမှ Responsible Business Fund လျောက်ထားဖူးသူ တစ်ဦးမှ ၄င်းလျောက်ထားခဲ့သည့် အတွေ့အကြုံများနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်းပြောကြားခဲ့ပါသည်။
  
      အဆိုပါ Programme သို့ ကဏ္ဍအသီးသီးမှ စိတ်ပါဝင်စားသူ SME လုပ်ငန်းရှင် စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြပါသည်။၄င်းနောက် KBZ Bank၊ CB Bank၊ M- BIZ Accelerator၊ Unlock ကုမ္ပဏီတို့မှ ခင်းကျင်းပြသ ထားသည်များကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
  
       ယခုကဲ့သို့ SME လုပ်ငန်းရှင်များအတွက် "Taking Your Business to the Next Level" Programme ကျင်းပပြုလုပ်ခြင်းဖြင့် SME လုပ်ငန်းများအနေဖြင့် ငွေကြေးနှင့် စီးပွားရေးလုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်လာစေပြီး၊ အသိပညာ၊ အတတ်ပညာများ တိုးပွားကာ လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်လာနိုင်မည်ဖြစ်ပါသည်။