စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန တို့ပူးပေါင်းပြီး SME လုပ်ငန်းရှင်များအား နည်းပညာ ၁၀ မျိုး ဖြန့်ဝေပေးခြင်း အခမ်းအနား

      စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ပူးပေါင်းပြီး SME လုပ်ငန်းရှင်များအား နည်းပညာ ၁၀ မျိုးထုတ်လုပ်မှုနည်းပညာသင်တန်းအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင်ရှိသော သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ၁.၆.၂၀၁၈ မှ ၂.၆.၂၀၁၈ ရက်နေ့ထိ ၂ ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးမှယခုအခမ်းအနားဖြစ်မြောက် ရခြင်း၏အဓိကအကြောင်းမှာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ SME လုပ်ငန်းရှင်များမှ နည်းပညာလိုအပ်နေပါသဖြင့် နည်းပညာဖြန့်ဝေပေးပါရန် တောင်းခံခဲ့သည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိတ်ပါဝင်စားသည့် အကြောင်းအရာအလိုက် သိရှိလိုသည်များကို အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း၊ ယခုပို့ချသည့် သင်ခန်းစာများကိုသာမက အခြားသိရှိလိုသည်များရှိပါကလည်း ဌာနသို့ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
      စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှလည်းယခုနည်းပညာပေးသင်တန်းနှင့်ပတ်သတ်ပြီး အဓိကကူညီပေးခဲ့သည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းအမှုထမ်းများအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ SME လုပ်ငန်းရှင်များ မှတောင်းခံလာသည့် နည်းပညာလိုအပ်ချက်များကိုစုစည်းပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ပေးပို့ပြီး နည်းပညာများဖြန့်ဝေပေးရန် အကူအညီတောင်းခံခဲ့ပါကြောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှလည်း လုပ်ဆောင်ပေးနိုင်သည့်နည်းပညာများအား ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုပွဲမတိုင်မီ ယခင်အချိန်များကလည်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ဒေသထွက်ကုန်များမှ value added ထုတ်ကုန်များ ထုတ်လုပ်သည့်နည်းပညာတောင်းခံလာသဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးမှ နည်းပညာများကို လိုက်လံသင်ကြားပြသ ပေးခဲ့ပါကြောင်း၊ ယခုပို့ချသည့် နည်းပညာများသာမက ယခင်ဖြန့်ဝေပေးခဲ့သည့် နည်းပညာများအား စိတ်ပါဝင်စားပါကလည်း ဆက်သွယ်မေးမြန်းပြီး နည်းပညာတောင်းခံနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
     နည်းပညာဖြန့်ဝေသည့်သင်တန်းပထမနေ့တွင်သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ဒေါက်တာသင်းသင်းဝါမှကော်ဖီဝိုင်ထုတ်လုပ်သည့်နည်းပညာနှင့် ငှက်သိုက်ပေါင်းရည်ကြာရှည်ခံ ထုတ်လုပ်မှုနည်းပညာ၊ ဆရာကြီး ဦးတင်လင်းမှ အပူစွမ်းအင်မြင့်ထင်းမီးဖို တည်ဆောက်သည့်နည်းပညာ၊ သုံးပြီးအကြော်ဆီမှ ဆပ်ပြာထုတ်လုပ်သည့်နည်းပညာနှင့် ကော်မှ သကြားရည် အပျစ်ထုတ်လုပ်သည့်နည်းပညာတို့ကို Powerpoint ဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။
  
        ထို့နောက်တက်ရောက်လာသည့် သင်တန်းသားလုပ်ငန်းရှင်များမှမိမိတို့ မရှင်းလင်းသည့် အချက်များနှင့် ပတ်သတ်သည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။ သင်တန်းဒုတိယနေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှဒေါက်တာနေခြည်ဝင်းမှ ဝါးပါကေး ထုတ်လုပ်မှုနည်းပညာနှင့် အုန်းခွံမှ Fiber Board ထုတ်လုပ်သည့်နည်းပညာ၊ ဒေါက်တာသန်းသန်းအေးမှ အုန်းခွံမှ Activated Carbon ထုတ်လုပ်သည့် နည်းပညာ၊ ဒေါ်ကေသီစိုးမှ ကြယ်ပဲလက်ဖက်ခြောက်အား တာရှည်ခံထားနိုင်မည့်နည်းပညာ၊ ဒေါ်ကုဋေမောင်မောင်မှ သဘာဝခြင်ကာကွယ်ဆေးထုတ်လုပ်သည့်နည်းပညာ၊ ဒေါ်ယုယုနွယ်ဦးမှ သဘာဝကမ်းဇော်ဆီတွင်ပါဝင်သည့် အသေးစိတ်အချက်အလက်များအကြောင်းအား အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။
        ဟောပြောရှင်းလင်းမှုများအပြီးတွင် သင်တန်းသားလုပ်ငန်းရှင်များမှ ၄င်းနည်းပညာများနှင့်ပတ်သတ်ပြီး မိမိတို့လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ဌာနမှ ရယူလိုသည့်နည်းပညာများနှင့်အကူအညီများ၊ ဌာန၏ဓါတ်ခွဲခန်းရှိ ပစ္စည်းများနှင့်ပတ်သက်ပြီး သိရှိလိုသည်များအား မေးမြန်းကြရာ သက်ဆိုင်ရာဆရာမများမှရှင်းလင်းဖြေကြားပေးခဲ့ပြီး ဖြေကြားမှုများအပေါ်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူတို့မှ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းအား (၂.၆.၂၀၁၈) ရက်နေ့နေ့လည် (၁၂) နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
      ယခုနည်းပညာဖြန့်ဝေသည့်သင်တန်းအား ကချင်ပြည်နယ်မှ သင်တန်းသား(၃)ဦး၊ ကရင်ပြည်နယ်မှ (၂) ဦး၊ ချင်းပြည်နယ်မှ (၂) ဦး၊ မွန်ပြည်နယ်မှ (၅)ဦး၊ ရှမ်းပြည်နယ်မှ (၃) ဦး၊ ရန်ကုန်တိုင်းမှ (၁၉၈) ဦး၊ ပဲခူးတိုင်းမှ (၁၁) ဦး၊ မကွေးတိုင်းမှ (၁) ဦး၊ ဧရာဝတီတိုင်းမှ (၃) ဦး၊ စစ်ကိုင်းတိုင်းမှ (၁၁) ဦး၊ တနင်္သာရီတိုင်းမှ (၈) ဦး၊ မန္တလေးတိုင်းမှ(၁၅)ဦး၊ နေပြည်တော်မှ (၉)ဦး စုစုပေါင်း (၂၇၁)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။