အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စိုက်ပျိုးရေးလုပ်ငန်းရှင်များအား ချေးငွေပေးအပ်သည့် အခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ (၈)
    အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB)၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းရှင် များအား အပေါင်ပစ္စည်းမဲ့ချေးငွေပေးအပ်သည့် အခမ်းအနားသို့တက်ရောက်ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ကဏ္ဍအသီးသီးရှိအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ SMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလို အပ်ချက်ဖြစ်သော ချေးငွေးများ ထုတ်ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ချေးငွေများထုတ်ပေး ရာတွင်လည်း အများပြည်သူအတွက် အမှန်တကယ် အကျိုးရှိစေမည့်လုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းရှင်များမှလည်းလက်ခံရရှိသော ချေးငွေကိုအကျိုးရှိထိရောက်စွာ အသုံးပြုရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး မူဝါဒမျှော်မှန်းချက်များအောင်မြင်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုအရှိန်မြှင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းသုံးသပ်ရေးနှင့် အစီရင်ခံရေးအဖွဲ့မှလည်း မပြတ်လေ့လာစောင့်ကြည့်အကဲဖြတ်ပြီး အောင်မြင်သောလုပ်ငန်းများကို ချေးငွေများ တိုးချဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင်စိုက်ပျိုးရေး နည်းပညာသစ်များ ပံ့ပိုးပေးနိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုအပ်ချက်နှင့်အခက်အခဲများရှိပါက နီးစပ်ရာ SME Agency ရုံးခွဲများတွင် လာရောက်ဆက်သွယ်ဆွေးနွေးနိုင်ကြောင်းပြောကြားခဲ့ပါသည်။
      ထို့နောက်SME Agency ဥက္ကဋ္ဌ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB)မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်တို့မှ ချေးငွေထုတ်ချေးပေးခြင်း ရည်ရွယ်ချက်နှင့် ချေးငွေးထုတ်ပေးမည့်အစီအစဉ်တို့ကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB)မှ ပထမအသုတ်အဖြစ် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာမှ တောင်သူ(၁၅)ဦးအား တစ်ဧကလျှင် ကျပ်(၅၀ဝ,ဝ၀ဝ)နှုန်းဖြင့် (၁၂.၃၀)ဧက အတွက် စုစုပေါင်းချေးငွေ (၆,၁၅၀,ဝ၀ဝ)ကျပ်ကို အပေါင်ပစ္စည်းမဲ့ချေးငွေအဖြစ် ထုတ်ပေးခဲ့သည်။
      အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ SME Agency ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ တာဝန်ရှိသူများ၊ SMIDB ဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့် နှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။