Burmese

စက်မှုဇုန်ဥပဒေ(မူကြမ်း) ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန မှ တာဝန်ယူရေးဆွဲလျက်ရှိသည့် စက်မှုဇုန်ဥပဒေ(မူကြမ်း)ကိုအတည်ပြုပြဌာန်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို (၂၈.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၀:ဝ၀)နာရီတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ ဦးဆောင်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ရုံးအမှတ်(၄၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ( စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ စက်မှုလယ်ယာဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI ) ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း စသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီများ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စက်မှုဝန်ကြီးဌာနမှ ဥပဒေအကြံပေး အပါအဝင်စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ဆွေးနွေးလျက်ရှိပါသည်။
       အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ ယနေ့အစည်းအဝေးမှာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြင်ဆင် ဖြည့်စွက် အကြံပြုထားသည့် သဘောထားမှတ်ချက်များအပေါ် အသေးစိတ်ညှိနှိုင်းနိုင်ရန် ဒုတိယအကြိမ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ (၂၁.၃.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အစည်းအဝေးတွင် အခန်း(၅) အထိဆွေးနွေးပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် အခန်း(၆)မှ စတင်ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ လွှတ်တော်တွင်လည်း စက်မှုဇုန်ဥပဒေကိုဆွေးနွေးသွားဖို့ ရှိပါကြောင်း၊ စက်မှုဇုန်များတွင်လည်း အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ဥပဒေကို လျင်မြန်စွာ အတည်ပြုပေးနိုင်ရန်လိုပါကြောင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ဥပဒေရေးဆွဲအတည်ပြုနိုင်ရေးမှာ အဓိကကျသဖြင့် ပိုမိုကောင်းမွန်သည့် အချက်များကို အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
     ထို့နောက် တတ်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အသင်း အဖွဲ့များ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများ၊ စက်မှုဇုန်များ၏ ကိုယ်စားလှယ်များမှ စက်မှုဇုန်ဥပဒေ(မူကြမ်း)ပါ အပိုဒ် တစ်ခုချင်း အလိုက် ထည့်သွင်းရေးဆွဲပြင်ဆင်ရမည့် အချက်များကို ညှိနှိုင်း ဆွေးနွေးကြပြီး၊ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှတာဝန်ရှိသူနှင့် စက်မှုဝန်ကြီးဌာန၏ ဥပဒေအကြံပေးတို့မှ ဆွေးနွေးချက်များကို ဥပဒေနှင့်ညီညွတ်သော အသုံးအနှုန်း၊ အချက်အလက်များဖြစ်စေရန် အကြံပြုဆွေးနွေးလျက်ရှိပါသည်။