အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့၏(၁/၂၀၁၈)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် (၇)
     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့၏ (၁/၂၀၁၈) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:ဝ၀) နာရီအချိန်တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၄၁)၊ အစည်းအဝေးခန်းမ၌ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
     အစည်းအဝေးသို့ အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အေဂျင်စီအတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပါသည်။
 
     အစည်းအဝေးတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် SME လုပ်ငန်းကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီသည် SME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ လူမှုအဆင့်အတန်းမြင့်မားရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဖွဲ့စည်းပြီးဖြစ်သည့် လုပ်ငန်းအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများ စတင်နေပြီဖြစ်ပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင်လည်း ဒေသဆိုင်ရာ အေဂျင်စီများ ဖွဲ့စည်းထားပြီးဖြစ်ပြီး၊ ချေးငွေရရှိရေးအတွက်လည်း မြန်မာ့စီးပွားရေးဘဏ်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်ရရှိရေး၊ Finance ရရှိရေးတို့အပေါ်တွင် မူတည်နေ၍ အေဂျင်စီအနေဖြင့် အခြားအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချမှတ်ဆောင်ရွက်ရမည့် Action Plan ကို အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ အေဂျင်စီ၏ လုပ်ငန်းတာဝန် (၁၇)ချက်ရှိပြီး ချမှတ်ထားသည့် Policy ၏ ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ Micro လုပ်ငန်းများအတွက်ပါ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ချေးငွေရရှိသော်လည်း တိုးတက်မှု ရှိ/မရှိ ခြုံငုံသုံးသပ်ရမည်ဖြစ်ကြောင်း၊ အဓိကအခက်အခဲများဖြစ်သည့် ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာအားနည်းမှုများကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများအနေဖြင့် ဘဏ်များမှ ချေးငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ မှတ်ပုံမတင်ရသေးသည့် SME လုပ်ငန်းများကိုလည်း လွယ်ကူစွာ မှတ်ပုံတင်နိုင်ရေး လုပ်ထုံး လုပ်နည်းများ ဖြေလျော့ပေးရန်နှင့် Formal Sector သို့ ဝင်ရောက်လာနိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ လူငယ်အမျိုးသမီးများ SME လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ဒေသဆိုင်ရာ အေဂျင်စီများ၏ လုပ်ငန်းတာဝန်များ ချမှတ်ပေးနိုင်ရေး နှင့် Action Plan အတွင်း ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
      အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အထောက်အကူပြုကော်မတီများ၏ ဖွဲ့စည်းပုံဇယားကို အကျဉ်းချုပ် ရှင်းလင်းပြေားကြားခဲ့ပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ လုပ်ငန်းတာဝန်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် လမ်းညွှန်ထားပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ SME ထုတ်ကုန်ပစ္စည်းများ ပြသသည့် Trade Fair ကို ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ထုတ်ကုန်ပစ္စည်းများကို မတ်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများတွင် အေဂျင်စီအဖွဲ့ခွဲများ ဖွဲ့စည်းခြင်းဖြင့် ဥပဒေ၊ မူဝါဒ၊ နည်းဥပဒေများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါကြောင်း၊ SME Development Department ရုံးခွဲပေါင်း (၅၄)ရုံး ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ (၁/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ အေဂျင်စီများအနေဖြင့် “MSMEs ဖွံ့ဖြိုးရေးဆိုင်ရာ အမျိုးသားအဆင့်၊ ဒေသတွင်းအဆင့် အဖွဲ့အစည်းများဖွဲ့စည်း၍ Target Line များ၊ Action Line များ၊ Time Line များပါဝင်သည့် Detail Schedule များ ရေးဆွဲချမှတ်ပြီး အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ Agency အဖွဲ့အစည်းများအတွက် ဥပဒေ၊ နည်းဥပဒေတွင် လုပ်ငန်းတာဝန်များ ဖော်ပြထားခြင်း မရှိ၍ အမြန်ရေးဆွဲသွားရန်လိုကြောင်း၊ Agency တွင် ပါဝင်သော အဖွဲ့ဝင်များမှ SME ဖွံ့ဖြိုးတိုးတက်ရေး Action Plan များ၊ Guide Line များနှင့် ဒေသဆိုင်ရာ Agency များ၏ တာဝန်များ သတ်မှတ်ပေးရေးတို့ကို ဝိုင်းဝန်း ဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
     ထို့နောက် တက်ရောက်လာကြသည့် အေဂျင်စီအဖွဲ့ဝင်များမှ မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအနေဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ ချေးငွေထုတ်ပေးနိုင်ရေးအတွက် ရန်ပုံငွေ ဖြည့်ဆည်းထားရှိမည့် အစီအစဉ်များ၊ Action Plan တွင် ထည့်သွင်းရေးဆွဲသွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
       အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် SME များ ဖွံ့ဖြိုးတိုးတက်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ အေဂျင်စီအနေဖြင့် SME ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် SME များ၏ အခက်အခဲများကို ထဲထဲဝင်ဝင် သိရှိနိုင်ရေးအတွက် သတ်မှတ်ကာလအတွင်း အဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်းလေ့လာပြီး တွေ့ရှိချက်များကို Action Plan တွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစည်းအဝေးကို (၂) ပတ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်သွားရန်နှင့် Action Plan နှင့် Guide Line ရေးဆွဲခြင်းကို အမြန်ဆောင်ရွက်ပြီး လာမည့် (၂/၂၀၁၈) လုပ်ငန်းကော်တီအစည်းအဝေး၌ တင်ပြအတည်ပြုချက်ရယူသွားရန် ပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၂:ဝ၀)နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။