အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ (၁/၂၀၁၈) အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၉
     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
     အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါက်တာ သန်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
     အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ကျင်းပသည့် (၁/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါကြောင်း။ လုပ်ငန်း ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ၈ ရပ်ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်များအရ အမြန်အကောင်အထည်ဖော်ဖွဲ့စည်းလျင် အမြန်အကျိုးရှိနိုင်သည့် အဖွဲ့သုံးဖွဲ့ဖြစ်သော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ကို ဖွဲ့စည်းခွင့်ရရှိရေးအတွက် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့် တွဲဖက်ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြခွင့်ပြုချက်ရယူ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် လုပ်ငန်းကော်မတီမှ ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း။
     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အနေဖြင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့တစ်ဝန်းပျံ့နှံ့လျက်ရှိသည့် ၉၉ ရာခိုင် နှုန်းသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အခြေပြုပြီး အားလုံး ပါဝင်နိုင်သော စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အထူးကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှုများ၊ အခက်အခဲ များစွာရှိသော်လည်း ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်ရန်အတွက် အဖက်ဖက်မှ လေ့လာသုံးသပ် ပြင်ဆင်ရန် လိုအပ်သကဲ့သို့ ဘက်စုံထောင့်စုံမှ ဖြည့်ဆည်းအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
     ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၌ ဒေသဆိုင်ရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ကို အဖွဲ့ဝင်(၇)ဦးမှ (၁၁)ဦးထိ ပါဝင်ဖွဲ့စည်းရေးနှင့် ဖွဲ့စည်းပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြပေးနိုင်ရေး အကြောင်းကြားထားပြီးဖြစ်ပါကြောင်း။
    နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ်ရန် အကောင်အထည်ဖော်မှုအစီအစဉ်များ၊ နည်းပညာလွှဲပြောင်းခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့်ပူးပေါင်း၍ အမျိုးသားအဆင့် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ထို့ပြင် ဒေသတွင်းမှ တစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရေရှည်ယှဉ်ပြိုင်ရပ်တည်နိုင်သည်အထိ အားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
   ထို့ကြောင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းများထဲတွင် ပထမဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှ ဒေသထွက်ထုတ်ကုန်ပစ္စည်းများ (Micro, Small and Medium Enterprises (MSMEs) Products)ပြပွဲနှင့် Regional Award ပြိုင်ပွဲများ အလှည့်ကျကျင်းပပြီး ဆုပေးပွဲများ ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၉)ခုတို့တွင် အလှည့်ကျ ကျင်းပပြီးပါက နောက်ဆုံးအဆင့်အနေဖြင့် နေပြည်တော်တွင် နိုင်ငံတော်အဆင့် MSMEs Products ဒေသတွင်း ပြပွဲနှင့် National Award ပြိုင်ပွဲများကို ကျင်းပသွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
     ယခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ မန္တလေးတိုင်းဒေသကြီးတွင် MSMEs ၏ ပထမအကြိမ် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။ ယခုကဲ့သို့ ကျင်းပပေးခြင်းအားဖြင့် ပြည်တွင်းစားသုံးသူများအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်အရည်အသွေးများကို အကဲဖြတ် လေ့လာနိုင်ခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အချင်းချင်းသိရှိ စေခြင်း၊ ကောင်းမွန်သည့်အချက်အလက်နှင့် ဆန်းသစ်တီထွင် စိတ်ကူးကောင်းများ ဖော်ထုတ်လေ့လာနိုင်ခြင်း၊ မိမိထုတ်လုပ်မှုလုပ်ငန်းစဉ် Supply Chain တစ်လျှောက် ဆက်စပ်ပတ်သက်နေသည့် အခြားအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖြင့် ပေါင်းစပ်လုပ်ကိုင်လာနိုင်ခြင်း၊ ဒေသအချင်းချင်း ပေါင်းစည်းလုပ်ကိုင်လာနိုင်ခြင်းနှင့် ပေါင်းစည်း ဆောင်ရွက်မှုများမှ နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း။
    ထို့ကြောင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့် (MSMEs Products) ပြပွဲနှင့် Regional Award ပြိုင်ပွဲများ၌ မိမိ ဒေသအတွင်း အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာ ခင်းကျင်းပြသနိုင်အောင် ကျယ်ဝန်းသည့်နေရာများ စီစဉ်ပေးခြင်း၊ လိုအပ်သည်များပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒေသအလိုက် ပြိုင်ပွဲများတွင် ဆုများကို အငယ်စား-(Micro)၊ အသေးစား- (Small)နှင့် အလတ်စား- (Medium)ဟူ၍ အရွယ်အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယအဆင့်သတ်မှတ်ပြီး ဆုများ ချီးမြှင့်ပေးသွားစေလိုပါကြောင်း။
     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ ပေါင်းစည်းဖွံ့ဖြိုးစေရန် နှင့် ကဏ္ဍအလိုက် နယ်ပယ်တော်တော်များများတွင် ဟန်ချက်ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှု Balanced Growth ရရှိစေရန်တို့အတွက် ဒေသတွင်းအဆင့် (Regional Level)၊ အမျိုးသား အဆင့် (National Level)နှင့် အထူးသဖြင့် အာဆီယံဒေသတွင်းအဆင့်များ၌ ပိုမိုပူးပေါင်း အကောင်အထည်ဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းထားပြီး ဖြစ်သည့် အမျိုးသားအဆင့်၊ ဒေသတွင်းအဆင့်အဖွဲ့အစည်းများအနေဖြင့် Target Line များ၊ Action Line များ၊ Timeline များအပါအဝင် Detail Schedule များ ချမှတ်ပြီး တစ်ဆင့် ပြီးတစ်ဆင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း။
     အာဆီယံဒေသတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ မဟာဗျူဟာမြောက်လုပ်ငန်းစီမံကိန်း (ASEAN Strategic Action Plan for SME Development ASEAN SAP SMED) 2016-2025 အရ အာဆီယံဒေသတွင်း၌ မြန်မာ့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ရှင်သန်ရပ်တည်နိုင်ရေးနှင့် အရည်အသွေးများကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့အတွက် ရေးဆွဲထားသည့် ASEAN Strategic Action Plan ကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ညှိနှိုင်းအကောင်အထည်ဖော် လျက်ရှိပါကြောင်း။
     ပြီးခဲ့သည့် ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ မူဝါဒညွှန်းကိန်း မြင့်မားရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ပျှမ်းမျှမူဝါဒညွှန်းကိန်းမျဉ်း (Policy Index Line) ၏အပေါ်ကို ရောက်ရှိအောင် ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
 အာဆီယံဒေသတွင်း နိုင်ငံအလိုက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အပေါ်သုံးသပ်ခြင်း- ASEAN SME Policy Index (2018)ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (Organization for Economic Co-operation and Development–OECD)နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။
   မြန်မာနိုင်ငံတွင်လည်း ယခုလာမည့် ၂၀၁၈ နှစ်ကုန်ပိုင်း၌ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ပူးပေါင်းပါဝင်မှု အလုပ်ရုံဆွေးနွေးပွဲ (National Socialization Seminar/ Workshop) ကို OECD နှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်းကျင်းပသွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။
     ထို့အပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ၌ ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသွားရန် စီစဉ်လျက်ရှိပါကြောင်း။
    ၂၀၁၃-၂၀၁၄ ခုနှစ် (၃၂)ကြိမ်မြောက် ASEAN SME Working Group အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပခဲ့ပါကြောင်း၊ (၃၂)ကြိမ်မြောက်နှင့် (၃၃) ကြိမ်မြောက် အစည်းအဝေးများတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလည်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း။
     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့်မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေရှိရမည့် ဒေသန္တရစီမံကိန်းများ၊ အစီအမံများဖြစ်စေရေး အလေးထားဆောင်ရွက်ရမည့် အပြင် အာဆီယံဒေသတွင်း ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချမှတ်ထားသည့် မူဝါဒများ၊ မဟာဗျူဟာများနှင့်လည်း ကိုက်ညီသည့် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
    ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယခင် အစည်းအဝေး အဆုံးအဖြတ်များအပေါ် အကောင်းအထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
  
      ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
   ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က အေဂျင်စီအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်မှ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
     ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ( ၂ )ရပ်နှင့် အဖွဲ့ (၃)ဖွဲ့တို့မှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့်အဖွဲ့ဝင်များအတွက် အသုံးစရိတ်၊ ချီးမြှင့်ငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    ယင်းနောက် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပပြုလုပ်မည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ (MSMEs Products)ဒေသတွင်းပြပွဲ၊ ပြိုင်ပွဲများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
   ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စွမ်းအင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တို့က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ဒေသအလိုက် လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေ၊ အားနည်းချက်၊ အားသာချက်များနှင့် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
  ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် အသိပညာရှင် အတတ်ပညာရှင်များနှင့် စီးပွားရေးပညာရှင်များက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
     ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။