စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ တွင်ကျင်းပပြုလုပ်သည့် ASEAN- India Business and Investment Meet and Expo 2018 သို့ တက်ရောက်

နေပြည်တော် ၊ ဇန်နဝါရီ (၂၆)
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အိန္ဒိယနိုင်ငံအစိုးရ ၊ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Suresh Prabhu ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂) ရက် နေ့ မှ ဇန်နဝါရီလ (၂၃) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ASEAN- India Business and Investment Meet and Expo 2018 သို့ တက်ရောက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် နယူးဒေလီမြို့ ၊ The Ashok Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ASEAN-India Business and Investment Meet and Expo 2018 ဖွင့်ပွဲအခမ်းအနားအစီအစဉ် သို့ တက်ရောက် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Vocational Training School များ တည်ထောင်ခြင်း ၊ Renewable Energy ကဏ္ဍ ၊ Research & Development ကဏ္ဍ ၊ နိုင်ငံပိုင်စက်ရုံများ Public Private Partnership စနစ်ဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များ ၊ မော်တော်ယာဉ် မူဝါဒ နှင့် ဥပဒေရေးဆွဲဆောင်ရွက်နေမှု ၊ အသေးစားနှင့်အလတ်စား(SME) များ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မည့်အစီအစဉ်များ၊ သံနှင့်သံမဏိ ထုတ်ကုန်ပစ္စည်းများထုတ်လုပ် နိုင်မည့် အခြေအနေ ၊ ပြည်တွင်းလိုအပ်ချက်အရ ဆေးဝါးများ တိုးမြှင့် ထုတ်လုပ်မည့် အစီအစဉ်များနှင့် နိုင်ငံပိုင်စက်ရုံများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် Investor များကိုဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအစီအစဉ်အပြီးတွင် အိန္ဒိယနိုင်ငံ နှင့် အာဆီယံနိုင်ငံအသီးသီး မှ ပြသထားရှိသည့် ထုတ်ကုန်ပြခန်းများအား လှည့်လည် ကြည့်ရှုကာ မြန်မာနိုင်ငံမှ လာရောက်ပြသကြသည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညပိုင်းတွင် အိန္ဒိယနိုင်ငံအစိုးရ ၊ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အစီအစဉ် သို့ အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ဝန်ကြီးများ ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်အတူတက်ရောက်ခဲ့ပြီး နိုင်ငံအချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ (၂၃) ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့ ၊ The Ashok Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် Plenary Session-1 "Trade in Services: Deeper Engagement of India and ASEAN" အစီအစဉ်တွင် တက်ရောက်၍ အထူးမိန့်ခွန်း ( Special Address) ပြောကြားရာတွင် မြန်မာနိုင်ငံ အစိုးရအသစ် လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံနိုင်မှု အခြေအနေကောင်းများ ၊ Ease of Doing Business အတွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ ၊ ASEAN-Led Regional Comprehensive Economic Partnership (RCEP) ၊ ASEAN-India Framework Agreement on Comprehensive Economic Cooperation ၊ ASEAN and Six Free Trade Agreement (FTA) Partners ဆိုင်ရာကိစ္စရပ်များ ထည့်သွင်းပြောကြားခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နယူးဒေလီမြို့ ၊ The Lalit Hotel Crystal Ballroom ၌ ကျင်းပပြုလုပ်ခဲ့သည့် India - ASEAN Weaving Textile Relations: The Fabric & Fashion Show သို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ပြီး ညပိုင်းတွင် အိန္ဒိယနိုင်ငံအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန မှ ကျင်းပ ပြုလုပ်သည့် India-ASEAN Youth Awards ဆုချီးမြှင့်ခြင်း အခမ်းအနား နှင့် ဂုဏ်ပြု ညစာစားပွဲအစီအစဉ်သို့ တက်ရောက်အားပေးခဲ့ပြီး ဆုရရှိသည့် မြန်မာလူငယ်(၃)ဦးအား ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။
     ယခုကျင်းပသည့် ASEAN- India Business and Investment Meet and Expo 2018 ကို အိန္ဒိယနိုင်ငံအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန ၊ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာနတို့၏ စီစဉ်ညွှန်ကြားမှုဖြင့် Confederation of Indian Industry (CII) မှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်၍ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် အဆင့်မြင့် ကိုယ်စားလှယ်အရာရှိ ကြီးများ၊ ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များ၊ ဘဏ်များနှင့်စီးပွားရေး လုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး အာဆီယံနိုင်ငံများ နှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ၊ ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု ( Regional Connectivity ) ၊ ကမ္ဘာ့ထုတ်လုပ်မှု ကွင်းဆက်နှင့်ချိတ်ဆက်ဆောင်ရွက်မှု ( Connectivity to Global Supply Chain) တို့ ပိုမိုအားကောင်း လာစေရေး ၊ ထုတ်လုပ်မှု နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာ ကုန်စည် နှင့်ဝန်ဆောင်မှုလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။