အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင်၊ ဝင်ငွေရရှိမှုနှင့်အတူ အခွန်ငွေရရှိမှုလည်း တိုးတက်လာမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၃
      အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ (၁/၂၀၁၇) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
  အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
   အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (Small and Medium Enterprise - SME) များ ပါဝင်မှုသည် ၉၉ ရာခိုင်နှုန်းရှိပြီး နိုင်ငံ၏စီးပွားရေးစွမ်းရည် မြှင့်တင်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဓိက မောင်းနှင်အား (Main Driving Engine)အဖြစ် အရေးပါနေကြောင်း၊ SME များ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေရရှိမှု နှင့်အတူ အစိုးရ၏အခွန်ငွေရရှိမှုလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူများအကြား အလုပ်အကိုင်ဖန်တီး၍ ဝင်ငွေရရှိသဖြင့် နိုင်ငံတွင်း ဝင်ငွေလည်ပတ်စီးဆင်းမှုကို မှန်ကန် စေမည်ဖြစ်ပါကြောင်း။
  နိုင်ငံတော်၏စီးပွားရေးမူဝါဒ (၁၂)ရပ်တွင် ဒုတိယအချက်ဖြစ်သည့် “အလုပ်အကိုင် ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုတို့ကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SME)ကို ပံ့ပိုးကူညီပေးရန်” ဟု ဖော်ပြပါရှိပါကြောင်း၊ သို့ဖြစ်၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနှင့် ရည်မှန်းချက်များ ချမှတ်၍ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင် ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာ ကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများ ရရှိရေးတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
   SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အသေးစားနှင့် အလတ်စား ထုတ်လုပ်မှု လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများကို ထိထိရောက်ရောက်ပံ့ပိုး ပေးနိုင်ရန် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ၏ (၁/၂၀၁၇)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁)ရက်တွင် ကျင်းပပြုလုပ် ခဲ့ပြီး ဆုံးဖြတ်ချက် (၁၅)ချက် ချမှတ်ခဲ့ကာ ဆုံးဖြတ်ချက်များကိုလည်း ဆက်လက်အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဗဟိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတ၊ တွဲဖက်ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် ဒုတိယသမ္မတနှစ်ဦး အပါအဝင် ပြည်ထောင်စု အဆင့် (၁၉)ဦး၊ ပုဂ္ဂလိကကဏ္ဍမှ အသိပညာရှင်၊ အတတ်ပညာရှင် (၅)ဦး၊ စုစုပေါင်း အဖွဲ့ဝင် ( ၂၄ )ဦးတို့ ပါဝင်ဖွဲ့စည်းထားပါကြောင်း။
     SME ဥပဒေပုဒ်မ (၆)ပါအခြေခံမူများနှင့်အညီ SME များ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်စေရေးအတွက် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် (၁၁)ရပ် ရှိသည့်အနက် ပုဒ်မခွဲ(ည) နှင့် (ဋ) တို့အရ လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့နှင့် အခြားလိုအပ်သောအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ရန် လမ်းညွှန်ခြင်းတို့ ဖော်ပြပါရှိပါကြောင်း။
     SME ဥပဒေအခန်း(၅)၊ ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ၊ SME ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် နှင့်အညီ SME လုပ်ငန်းကော်မတီကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ ပါကြောင်း၊ လုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ(၁) အပါအဝင် အစိုးရအဖွဲ့မှ (၃၂)ဦး၊ စီးပွားရေးပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ SME လုပ်ငန်း များကို လက်တွေ့ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂိုလ် (၈)ဦး၊ စုစုပေါင်းအဖွဲ့ဝင် (၄၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် လုပ်ငန်း ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း တာဝန်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရန် ဖိတ်ခေါ် လိုပါကြောင်း။
     ဥပဒေပုဒ်မ(၈)အရ SME လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန် (၁၄)ရပ်ကို ချမှတ်ခဲ့ပြီး မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် SME များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် “လက်တွေ့ကျသော ချဉ်းကပ်မှုမျိုးနှင့် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း”၊ နိုင်ငံအတွင်းရှိ ငွေကြေးအရင်းအမြစ်၊ လူသားအရင်းအမြစ်၊ အတတ်ပညာအရင်းအမြစ်နှင့် ဒေသတွင်း ရရှိနိုင်သော အရင်းအမြစ်များကို ဖော်ထုတ်အသုံးချနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ဈေးကွက်ကိုအခြေခံသည့် Market Economy တွင် စီးပွားရေးတိုးတက်မှုဆိုသည်မှာ Profit Margin အမြင့်ဆုံး ဆောင်ရွက်နိုင်သည်ထက် သင့်တင့်လျောက်ပတ်သည့် Profit Margin တစ်ရပ်ကို အချိန်ကာလ အတိုင်းအတာတစ်ခုထိ တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပင် ဖြစ်ပါကြောင်း။
     SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် SME Development Framework နှင့် ပတ်သက်၍ အဓိကအစိတ်အပိုင်းများနှင့် အထောက်အကူပြု အစိတ်အပိုင်းများဟူ၍ ရှိပါကြောင်း၊ အဓိကအစိတ်အပိုင်းများတွင် Macroeconomic Policies နှင့် သက်ဆိုင်သည့် Low Budget Deficit ကိစ္စ၊ ငွေကြေးလဲလှယ်မှုတည်ငြိမ်ရေး၊ အတိုးနှုန်းတို့နှင့် ဆက်စပ်မှု ရှိနေပါကြောင်း၊ ထို့ကြောင့် SME ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
Microeconomics Environment နှင့် ဆက်နွယ်သည့် ကိစ္စရပ်များတွင် စည်းမျဉ်း စည်းကမ်းများ လွယ်ကူချောမွေ့ခြင်း၊ ကောင်းမွန်သောစီမံခန့်ခွဲမှု၊ လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရေး၊ သင့်တင့် လျောက်ပတ်သည့် အခြေခံအဆောက်အအုံ၊ အခြေအနေနှင့် လိုက်လျောညီထွေဆောင်ရွက်နိုင်သည့် ကျွမ်းကျင်မှုနှင့် အရည်အချင်းပြည့်ဝသော လုပ်သားထုများရှိခြင်းတို့ဖြစ်ပါကြောင်း။
      အေအီးစီ ၂၀၁၅ မျှော်မှန်းချက်တွင်လည်း Micro, Small and Medium Enterprises (MSME) များ အတွက် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရာတွင် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အမျိုးသမီးစွမ်းဆောင်ရှင်များအတွက် အထူးအလေးထားဆောင်ရွက် သွားရန် ဖော်ပြထားပါကြောင်း၊ အာဆီယံဒေသတွင်း၌လည်း SME များ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ရေရှည်ယှဉ်ပြိုင်ရပ်တည် သွားနိုင်ရန်အတွက် ASEAN Strategic Action Plan (2016-2025) ကို သတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
      မြန်မာနိုင်ငံသည် ASEAN SME လုပ်ငန်းအကောင်အထည်ဖော်ရေးပူးပေါင်းကော်မတီ (ACCMSME) နဲ့ OECD တို့ ပူးပေါင်းပြီးဒေသတွင်း SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒဆိုင်ရာများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးအပေါ်တွင် မူဝါဒဆိုင်ရာ အညွှန်းကိန်းများကို OECD က (၄) နှစ်တစ်ကြိမ် ဖော်ပြလျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ASEAN SME Policy Index အရစင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် Policy Index အနေဖြင့် အမြင့်ဆုံး၌ ရပ်တည်နေကြပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံ တို့သည် အနိမ့်ဆုံးအခြေအနေတွင် ရပ်တည်နေကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SME Development Policy Index မြင့်မားစေရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Index Score မြင့်မားစေရေး အတွက် OECD က သတ်မှတ်ထားသည့် အချက်များဖြစ်သည့် SME များအတွက် အသင်း အဖွဲ့ဆိုင်ရာဖွဲ့စည်းမှုမူဘောင်၊ ဝန်ဆောင်မှုရရှိမှုအခြေအနေ၊ SMEs များ သက်သက်သာသာ လျှင်မြန်စွာ လုပ်ငန်းစတင်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သော ဥပဒေနှင့် စည်းမျဉ်းများ အခြေအနေ၊ ငွေကြေး အထောက်အပံ့ရရှိမှု၊ နည်းပညာနှင့် နည်းပညာလွှဲပြောင်းပေးနိုင်မှု၊ နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်မှု၊ စွန့်ဦးစီးပွား ပညာရပ်များ မြှင့်တင်ပေးနိုင်မှု၊ အသေးစား လုပ်ငန်းများ၏ စိတ်ဝင်စားမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှုစသည့် ညွှန်းကိန်း (၈)ခုဖြင့် အဆင့်ခွဲခြားသတ်မှတ်ခြင်းဖြစ်သည့်အတွက် အဆိုပါအခြေအနေများအပေါ်တွင် ကောင်းမွန်မှန်ကန်သည့် လုပ်ငန်းစဉ်များ ပိုမိုဖော်ထုတ် ဆောင်ရွက် သွားမှသာ အဆင့် တက်နိုင်မည်ဖြစ်ပါကြောင်း။
    ထို့ပြင် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ အတွင်းရှိ စွန့်ဦး တီထွင်လုပ်ငန်းရှင်များအတွက် ကောင်းမွန်သောစီးပွားရေးဝန်းကျင်ကို ဖော်ဆောင်လျက် ရှိသော်လည်း ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ဈေးကွက်၊ ငွေကြေးစီမံ ခန့်ခွဲရေးနှင့် တီထွင် ဆန်းသစ်မှု အပိုင်းတွင် ပညာရပ်ဆိုင်ရာ အသိအမြင် ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးတို့အတွက် ထောက်ပံ့ကူညီ ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း။
      နိုင်ငံ၏စီးပွားရေးအတွက် အဓိကကျောရိုးသဖွယ်ဖြစ်သည့် SME လုပ်ငန်းများအတွက် ပို့ကုန် မြှင့်တင်ရေး၊ တီထွင်ဆန်းသစ်ရေးတို့ကို အခြေပြုသည့် လုပ်ငန်းသစ်များ ပေါ်ထွက် လာရေးအတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ယခုဆွေးနွေးပွဲတွင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြ သွားကြရန်လိုပါကြောင်း ပြောကြားသည်။
     ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် SME လုပ်ငန်းများ ဖွဲ့စည်း ညှိနှိုင်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
   
    ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
    ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကော်မတီ၏ ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဖွဲ့စည်းတည်ထောင်မှု နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
    ယင်းနောက် ဦးဒင်းနစ်ဝင်းသိန်းက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာအတွေ့အကြုံများနှင့် လက်တွေ့အကောင် အထည်ဖော်ဆောင်နိုင်မည့် အခြေအနေများကို အကြံပြုဆွေးနွေးသည်။
  
     ထို့နောက် လုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် ပြည်ထောင်စုသမ္မတမြန်မာန်ိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် စီးပွားရေး ပညာရှင်များက အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ဒုတိသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဦးကျော်ဝင်းတို့က ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
  
      ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။