Burmese

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို 7th LDCs Ministerial Conference သို့ တက်ရောက်

နေပြည်တော် ၊ နိုဝင်ဘာ (၂၇)
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် United Nations Industrial Development Organization (UNIDO) ၏ ဖိတ်ကြားချက်အရ သြစတြီးယားနိုင်ငံ ၊ ဗီယင်နာမြို့ ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာဗဟိုဌာန ၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့ မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၂၄) ရက်နေ့ ထိ ကျင်းပ ပြုလုပ် ခဲ့သည့် ( 7th LDCs Ministerial Conference ) ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများ၏ (၇)ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ သို့ တက်ရောက်ခဲ့ပါသည်။
   ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ခုနှစ် ၊ နိုဝင်ဘာလ(၂၁)ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ကာတာလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ ၊ ဒိုဟာမြို့ မှ တစ်ဆင့် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ သွားရောက်ခဲ့ရာ ဒေသစံတော်ချိန် ည (၈)နာရီခွဲတွင် Novotel Suites Donau Hotel, Vienna သို့ ရောက်ရှိ ခဲ့ပါသည်။
      ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ(၂၂) ရက်နေ့ တွင် ဗီယင်နာမြို့ ရှိ နိုင်ငံတော် သမ္မတအိမ်တော် ၊ ပါလီမန်အဆောက်အဦ နှင့် အခြားရှေးဟောင်းသမိုင်းဝင်အဆောက် အဦများကို ကြည့်ရှုလေ့လာခဲ့ပြီး နိုဝင်ဘာလ (၂၃) ရက်နေ့ ၊ နံနက်ပိုင်းတွင် ဗီယင်နာ အပြည်ပြည်ဆိုင်ရာဗဟိုဌာန ၊ Conference Room (D) ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစံလွင် နှင့် အတူ တက်ရောက်ခဲ့ကာ နေ့လယ်ပိုင်းတွင် Public-Private Sector: Teaming up for LDC's Graduation Session ၌ Panelist အဖြစ် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

      ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက်ပိုင်းတွင် ညီလာခံဒုတိယနေ့ အစီအစဉ်သို့ တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာဗဟိုဌာန ရှိ UNIDO ရုံးချုပ်၌ UNIDO ၏Director General Mr. Li Yong နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ စက်မှုဝန်ကြီးဌာန မှ UNIDO အထောက်အပံ့ဖြင့် ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲ စီမံကိန်းဆိုင်ရာ ကိစ္စများ ၊ ထပ်မံ အဆိုပြုလိုသည့်စီမံကိန်းများ အနေဖြင့် HR Development အတွက်Vocational Training School များ တည်ထောင်ရေး ၊ Renewable Energy & Alternative Fuel Research & Development ပြုလုပ်နိုင်ရေး ၊ Textile & Pharmaceutical Sector Development အတွက် အထောက်အပံ့ပေးရေး ၊ State Own Enterprise (SOE) များ အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် Partner များချိတ်ဆက်ဆောင်ရွက်နိုင်ရေး ၊ Wind Mill နှင့် Hydro Turbine များကို မြန်မာနိုင်ငံ နှင့် သင့်လျော်စွာ ထုတ်လုပ် အသုံးပြု နိုင်ရေးတို့ကိုဆွေးနွေးညှိနှိုင်းခဲ့ပြီးညနေပိုင်းတွင်ညီလာခံပိတ်ပွဲအခမ်းအနားသို့ ဆက်လက် တက်ရောက်ခဲ့ပါသည်။

     အဆိုပါညီလာခံကို ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ဘက်စုံကဏ္ဍစုံ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားကောင်းလာစေရေးတို့ကို ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း (၄၇) နိုင်ငံမှ ဝန်ကြီးများ ၊ UN Agencies များမှ ကိုယ်စားလှယ်များ ၊ Africa & Asia Pacific စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ၊ အခြားဖွဲ့ဖြိုးဆဲနိုင်ငံများ မှ ကိုယ်စားလှယ်များ ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၊ ဘဏ်များ နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ များ မှ ကိုယ်စားလှယ်များ ၊ LDC နိုင်ငံများရှိ ပုဂ္ဂလိကကဏ္ဍ နှင့် ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ၊ အခြားလူမှုအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

  

     ပြည်ထောင်စုဝန်ကြီး သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၂၅) ရက်နေ့ ညပိုင်းတွင် ကာတာလေကြောင်းလိုင်းဖြင့် သြစတြီးယားနိုင်ငံ ၊ ဗီယင်နာမြို့ မှ ကာတာနိုင်ငံ ဒိုဟာမြို့ ၊ ၄င်းမှ ထိုင်းနိုင်ငံဘန်ကောက်မြို့ တို့မှ တစ်ဆင့် ပြန်လည်ထွက်ခွာခဲ့ရာ နိုဝင်ဘာလ(၂၆) ရက် ၊ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။