Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ကျင်းပပြုလုပ်သည့် Solar Power Plant တည်ဆောက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ သို့တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ (၁၀)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၁၀.၁၀.၂၀၁၇ ရက်နေ့ နံနက်(ဝ၈: ၃၀)နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ကျင်းပပြုလုပ်သည့် Solar Power Plant တည်ဆောက်ရေးအတွက် နော်ဝေနိုင်ငံ၊ Energeia Asset Management ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓါတ်အား အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမရှိဘဲ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံပိုင် စက်ရုံများအနေဖြင့် ကိုယ်ပိုင်လျှပ်စစ်ဓါတ်အားထုတ်စက်ရုံ (Power Generation Plant) များ တည်ထောင်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ စက်မှုလုပ်ငန်းများ အနေဖြင့် လျှပ်စစ်စွမ်းအင်ကို အလုံအလောက်ရရှိပြီး သုံးစွဲ၍ပိုလျှံသော လျှပ်စစ်ဓါတ်အား ကို National Grid သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ပို့လွှတ်ထောက်ပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်လျှပ်စစ်ဓါတ်အားထုတ်စက်ရုံများ တည်ဆောက်ရာ တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ် (Clean and Renewable Energy Sources) များကို ထိရောက်စွာ အသုံးချသွားမည် ဖြစ်ကြောင်း၊ Solar Power Plant များတည်ဆောက်ရေး MoU လက်မှတ်ရေးထိုးပြီး မကြာမီ 28.6 MW Solar Power Plant ကို ပထမအဆင့်အနေဖြင့် အမြန်ဆုံး စတင် တည်ဆောက်အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H. E. Mrs. Tone Tinnes မှ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ၊ သယံဇာတ စီမံခန့်ခွဲမှုစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နော်ဝေနိုင်ငံ သည်လည်း မြန်မာနိုင်ငံကဲ့သို့ သယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အတွက် သယံဇာတစီမံခန့်ခွဲမှု အတွေ့အကြုံကောင်းများကို မျှဝေပေးလိုပါကြောင်း၊ မြန်မာနိုင်ငံသည် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် နေ၊ ရေ၊ လေ စသည့် သဘာဝရင်းမြစ်များစွာ ရှိသည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
   ထို့နောက် စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်နှင့် နော်ဝေနိုင်ငံ၊ Energeia Asset Management ကုမ္ပဏီမှ Chief Operational Officer ဖြစ်သူ Mr. Christian Hagemann တို့သည် နားလည်မှုစာချွန်လွှာကို အသီးသီးလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးတို့သည် နှစ်ဖက်တက်ရောက်လာသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် သထုံစက်မှုနယ်မြေတွင် 28.6 MW Solar Power Plant အကောင်အထည်ဖော်မည့်အစီအစဉ်များနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်၍ အခြားသောဒေသများတွင်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

  

     နားလည်မှုစာချွန်လွှာအရ စီမံကိန်းပထမအဆင့်အနေဖြင့် Energeia Asset Management (EAM) ကုမ္ပဏီသည် သထုံစက်မှုနယ်မြေတွင် 28.6 MW Solar Power Plant ကို ၂၀၁၈ သြဂုတ်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် သထုံစက်မှုနယ်မြေရှိ စီမံကိန်းလုပ်ငန်းများ ပြီးစီးကာ ဓါတ်အားစတင်ပို့လွှတ်နိုင်မည်ဖြစ်ပြီး လိုအပ်သလိုတိုးချဲ့ရန် ဆောင်ရွက်လျက် ရှိပါသည်။
    အဆိုပါ 28.6 MW Solar Power Plant ကို သထုံစက်မှုနယ်မြေရှိ စက်ရုံများ အတွက် အဓိကရည်ရွယ်တည်ဆောင်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ၄၂.၆ ဂစ်ဂါဝပ်နာရီ ထုက်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။ အလားတူ Solar Power Plant စီမံကိန်းများကို စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ(၁၀)ရုံတွင်လည်း ဆက်လက်တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
    အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။