Burmese

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မွန်ပြည်နယ် သထုံမြို့ စက်မှုနယ်မြေ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၁
    ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်သို့ ရောက်ရှိပြီး သထုံမြို့စက်မှုနယ်မြေအား ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ တာဝန်ရှိသူများနှင့်အတူ သထုံမြို့စက်မှုနယ်မြေသို့ ရောက်ရှိကြပြီး စက်မှုနယ်မြေအတွင်း တည်ဆောက်ထားသည့် အဆောက်အအုံများနှင့် ဆောင်ရွက်မည့် လုပ်ငန်းများကို စစ်ဆေးရာ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ကော့စတစ်ဆိုဒါစက်ရုံ (သထုံ)အဖြစ်မှ စက်မှုနယ်မြေ (သထုံ)အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန် ဆောင်ရွက်နေမှု၊ လျှပ်စစ်၊ ရေ နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ထားမှု၊ စက်မှုနယ်မြေအတွင်း Solar Process နည်းပညာဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် စိစစ်ညှိနှိုင်းနေမှု၊ ပြည်တွင်း ပြည်ပ စက်မှုလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန် Expression of interest ခေါ်ယူထားမှု၊ ရင်းနှီးမြှုပ်နှံရန် အဆိုပြုလာသည့်လုပ်ငန်းများ၊ စိစစ်ရွေးချယ်သွားမည့် လုပ်ငန်းစဉ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
    တင်ပြချက်များအပေါ် ဒုတိယသမ္မတက စက်မှုနယ်မြေ(သထုံ)ပတ်ဝန်းကျင်ဒေသ ထွက်ကုန်ကြမ်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများကိုပါ ထည့်သွင်းအကောင်အထည်ဖော်ရန်၊ ဆောင်ရွက်ပြီးခဲ့သော စက်မှုလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အခြေခံပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ကြရန်၊ ဒေသခံများ အလုပ်အကိုင်ရရှိရန် နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက် လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးရန် မှာကြားသည်။
    ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့အား စက်မှုနယ်မြေ(သထုံ) အစည်း အဝေးခန်းမ၌ Energeia Asset Management (EAM)ကုမ္ပဏီ တာဝန်ခံက Solar Process နည်းပညာ ဖြင့် လျှပ်စစ်ထုတ်လုပ်မည့် စီမံချက် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

    ယင်းနောက် ဒုတိယသမ္မတသည် စက်မှုနယ်မြေအတွင်း ဆိုလာပြား တပ်ဆင်မည့် အဆောက်အအုံနှင့် အထည်ချုပ်စက်ရုံ ဆောင်ရွက်မည့် အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးသည်။ စက်မှုနယ်မြေ (သထုံ) အဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် စက်ရုံမြေ ဧရိယာ ၆၇၈ ဧကပေါ်တွင် ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စားသည့် စက်မှုလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ခဲ့ရာ ကုမ္ပဏီခုနစ်ခုက အဆိုပြုလွှာများ တင်သွင်းခဲ့ကြကြောင်း၊ ယင်း အဆိုပြုလွှာများကို စက်မှုဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့ များဖြင့် စိစစ်ဆောင်ရွက်လျက်ရှိပြီး နယ်မြေဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် နိုင်ငံအတွက် အကျိုးရှိမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးရွေးချယ်နေကြောင်း သိရသည်။
    အဆိုပြုလွှာ တင်သွင်းခဲ့သည့် လုပ်ငန်းများအနက်မှ သဘာဝဆေးဖက် ဝင်အပင်များမှ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်း၊ သစ်ဥသစ်ဖုများမှ ထုတ်လုပ် သည့် အချိုရည်နှင့် သစ်သီးခြောက် လုပ်ငန်း၊ ဒေသထွက်ရော်ဘာများအား အရည်အသွေးမြင့်သန့်စင်ခြင်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာဆက်စပ် ပစ္စည်းလုပ်ငန်းများကို စိစစ်လျက်ရှိပြီး လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

    ထို့ပြင် စက်မှုနယ်မြေ(သထုံ)တွင် ဆောင်ရွက်ရန် လျာထားသည့် Solar Process နည်းပညာသုံး 30 MW လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်းအား အသေးစိတ်လေ့လာမှုများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်နိုင်ပါက စက်မှုနယ်မြေ (သထုံ)အတွင်းရှိ စက်ရုံများ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုကို ပံ့ပိုးနိုင်မည့်အပြင် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)