Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စက်မှုဝန်ကြီးဌာနရှိ ထောက်ကြန့်အလုပ်ရုံခွဲအား Myanmar Trade Center Co., Ltd. သို့ နှစ်ရှည်ငှားရမ်းရေးစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ (၃၀)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ထောက်ကြန့်အလုပ်ရုံခွဲအား Myanmar Trade Center Co., Ltd. နှင့် နှစ်ရှည်ငှားရမ်းရေးစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်သည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အလုပ်ရုံခွဲ ငှားရမ်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် မိမိတို့၏ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်မှတိုးတက်စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် မိမိတို့စက်မှုဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်မှချမှတ်ထားသော မူဘောင်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံစည်းမျဉ်းများနှင့် ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် “နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်း”ဟူ၍ ပြဋ္ဌာန်းချက်နှင့်အညီ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် မင်္ဂလာဒုံမြို့နယ်ရှိ၊ ထောက်ကြန့် မော်တော်ယာဉ်ထုတ်လုပ်မှု အလုပ်ရုံအား နှစ်ရှည်ငှားရမ်းပေးခြင်းဖြစ်ပါကြောင်း၊ ထောက်ကြန့်မော်တော်ယာဉ်အလုပ်ရုံတွင် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကုမ္ပဏီအများအပြား အဆိုပြုလွှာ တင်သွင်းခဲ့သော်လည်း ဘတ်(စ်)ကား ထုတ်လုပ်ရာတွင် ဂုဏ်သတင်းကျော်ဇောမှုရှိပြီး နည်းပညာအားသာချက် ရှိသော Daewoo Bus Corporation နှင့် ပူးပေါင်းဆောင်ရွက်မည့် Myanmar Trade Center Co., Ltd. အား ရွေးချယ်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှလည်း အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ် (Public Transport System) ကို မြှင့်တင်လျက်ရှိရာ မကြာမီ အဆင့်မြင့်ဘတ်(စ်)ကားသစ်များ လိုအပ်လာမည်ဖြစ်ကြောင်း၊ Daewoo Bus Corporation အနေဖြင့် လက်ရှိအချိန်တွင် BS-106 Model Bus Car များကို ထုတ်လုပ်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ယင်းကုမ္ပဏီထုတ် BF-101 Model Bus Car များကို ဘေးကင်းလုံခြုံစွာ အသုံးပြုခဲ့ပြီးယခုတိုင်အသုံးပြုနေဆဲဖြစ်၍ Daewoo Bus Corporation ၏ နည်းပညာမြင့်မားမှုအပေါ် ယုံမှားသံသယရှိစရာမလိုကြောင်း၊ ဘတ်(စ်)ကား ထုတ်လုပ်ခြင်းသည် စီးပွားရေးအရတွက်ချေကိုက်မှု နည်းပါးသည်ဟု ထင်ရသော်လည်း အရေ အတွက်များများနှင့် ရေရှည်ထုတ်လုပ်သွားမည် ဆိုပါက ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းနှင့် သွင်းကုန်အစားထိုးထုတ်လုပ်မှုဖြစ်ခြင်းကြောင့် နိုင်ငံခြား ငွေသုံးစွဲရမှုကို လျှော့ချပြီး Trade Balance ဖြစ်စေခြင်း စသည့် စီးပွားရေးအရ ရေရှည်အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအနေဖြင့်လည်း စက်ပစ္စည်းများ တင်သွင်းမှု၊ တပ်ဆင်မှုနှင့် ထုတ်လုပ်မှု အားလုံးကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးအောင်တည်ဆောက်ပြီး အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံမှု အပြည့်အဝရှိသော ခေတ်မီဘတ်(စ်)ကားသစ်များ ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အများပြည်သူသုံး သယ်သူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေး နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

    ဆက်လက်၍ Myanmar Trade Center Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဒေါက်တာကျော်ကျော်အောင်မှ ထုတ်လုပ်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်မော်တော်ယာဉ်အလုပ်ရုံ၌ Daewoo Bus Corporation နှင့်ပူးပေါင်း၍ BS106 City Bus များကို Premium Quantity ဖြင့် ထုတ်လုပ်ရောင်းချဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ CNG နှင့် Diesel Engine နှစ်မျိုးစလုံး တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်တွင် ဘတ်(စ်) ကား Body များကို ကိုရီးယားနိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဘတ်(စ်)ကား Body အပါအဝင် အချို့အစိတ်အပိုင်းများကို ပြည်တွင်း၌ ထုတ်လုပ်သွား မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှု နည်းပညာများကိုလည်း ကိုရီးယားနိုင်ငံမှ အဆင့်အလိုက် လွှဲပြောင်းလက်ခံရယူသွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် မောင်းနှင်မှု သင်တန်းများလည်း တစ်ပါတည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စက်အရံပစ္စည်းရရှိရေးအတွက် ၁၀ဝ% အာမခံချက်ပေးပြီး After Sale Service ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ပါသည်။
    ထို့နောက် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန် နှင့် Myanmar Trade Center Co., Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင်တို့မှ ထောက်ကြန့်အလုပ်ရုံခွဲ နှစ်ရှည်ငှားရမ်းမှုစာချုပ်အား လက်မှတ် ရေးထိုးခဲ့ကြပါသည်။

    မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Daewoo Bus နှင့် Mini Bus များ၏ Styling & Modelling ကို ဥရောပဒီဇိုင်းအားအခြေခံ၍ ထုတ်လုပ် ထားကြောင်းသိရသည်။ ခရီးသည်တင် Bus BS-106 Model ကို 290HP, CNG Engine, Emission Standard (Euro-4) နှင့် 300HP, Diesel Engine, Emission Standard (Euro-3) အမျိုးစားနှစ်မျိုးနှင့် School Bus အဖြစ်အဓိကအသုံးပြုနိုင်မည့် ၂၉ ယောက်စီး Lestar Mini Bus, 170HP, Diesel Engine, Emission Standard (Euro-3) အမျိုးအစားတစ်မျိုးတို့ကိုဈေးကွက် လိုအပ်ချက်နှင့်အညီ တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်သည်။ အဆိုပါ Bus နှင့် Mini Bus များ၏ Styling & Modelling ကို ဥရောပ ဒီဇိုင်းအားအခြေခံ၍ ရေးဆွဲထားပြီးကြံ့ခိုင် မှုနှင့်ဘေးကင်းလုံခြုံမှုတို့အတွက် ခေတ်မီ ကွန်ပျူတာဖြင့် ကြိုတင်စစ်ဆေးခြင်းပြုလုပ်၍ စနစ်တကျလက်တွေ့စမ်းသပ် စစ်ဆေး ထုတ်လုပ်ထားကြောင်း သိရှိရသည်။

  

    ထို့နောက် Myanmar Trade Center Co., Ltd. မှ ၂၉ ယောက်စီး Lestar Mini Bus (၁)စီး လှူဒါန်းပေးအပ်ခဲ့ရာ စက်မှုဝန်ကြီးဌာနမှဒုတိယ အမြဲတမ်း အတွင်းဝန် ဦးထွန်းမြင့်မှလက်ခံပြီး ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီးနောက် ယင်း Mini Bus အား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးပြီး စမ်းသပ်မောင်းနှင် စီးနင်းခဲ့ကြပါသည်။

  

အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Myanmar Trade Center Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။