Burmese

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၁၇) အစည်းအဝေးကျင်းပ

   နေပြည်တော် မတ် ၁ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၁၇) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်သမ္မတက တိုင်းပြည်တစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် SME များသည် အဓိက အသက် သွေးကြောအဖြစ် တည်ရှိနေသည်ကို တွေ့ရပါကြောင်း၊ SME များသည် နိုင်ငံဖွံ့ဖြိုးမှု၏ မောင်းနှင်အား ဖြစ်သကဲ့သို့ စွန့်ဦးတီထွင်မှု Entrepreneurship လုပ်ငန်းများလည်း ဖြစ်ကြပါကြောင်း၊ ပြောင်းလဲနေ သည့် ဈေးကွက်လိုအပ်ချက်ကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန် လွယ်ကူစွာ တုန့်ပြန်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိကြပါ ကြောင်း။ SME များသည် နေရာဒေသအနှံ့အပြားတွင် တည်ရှိနေခြင်းကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ကျေးလက်ဒေသအထိ ပေးနိုင်စွမ်းရှိသည့်အပြင် Internal Migration ဟုခေါ်သည့် ကျေးလက်ဒေသက မြို့ပြသို့ ပြည်တွင်းပေါင်းစည်း အခြေချမှုအား ဖြစ်ပေါ်စေသောမလိုလားအပ်သည့် မြို့ပြကျယ်ပြောမှုဟုခေါ်သည့် Urbanization ကိုလည်း တားဆီးနိုင်မည်ဖြစ်ပါကြောင်း။ နိုင်ငံ၏ စီးပွားရေးယန္တရား တည်ဆောက်ပေးကြသူများဖြစ်သည့် SME များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်ရန်နှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် Policy များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြုစုပြဌာန်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း နိုင်ငံတော်အဆင့်၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့်နှင့် ဒေသ အဆင့်တို့တွင် လိုအပ်သည့်ကျောရိုးမူဘောင်များကို ခိုင်မာစွာတည်ထောင်ရမည်ဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမည့် Factor (၄) ခုဖြစ်သည့် လုပ်ငန်းသစ်များ အစပျိုးရာတွင် တွေ့ကြုံရမည့် အခက်အခဲ အတားအဆီးများလျှော့ချရေး၊ ရင်းနှီးမတည်ငွေ စီးဆင်းမှု၊ ပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက် ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ချိမှု အားကောင်းစေခြင်းဖြင့် International Supply Chain ထဲ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ယခုဖွဲ့စည်းပြီးသည့် ဗဟိုကော်မတီက လုပ်ငန်းကော်မတီဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့နှင့် အခြား လိုအပ်သည့် အဖွဲ့များကို ဆက်လက်ဖွဲ့စည်း တာဝန်ပေးအပ်ရန် လိုအပ်ပါကြောင်း။ လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးရန် လိုအပ်သည့် အမည်စာရင်းကိုလည်း SME ဥပဒေ၊ အခန်း ၅၊ ပုဒ်မ ၇ ပါသတ်မှတ်ချက်များနှင့်အညီ ယနေ့ အစည်းအဝေးတွင် အဆိုပြု သတ်မှတ်ပေးကြရန် ဖြစ်ပါကြောင်း၊ ယင်းသို့သတ်မှတ် အတည်ပြုပြီးပါကလည်း အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် အခြားလိုအပ်သည့် အဖွဲ့များကို ဥပဒေနှင့်အညီဖွဲ့စည်းရန် လုပ်ငန်းကော်မတီကို တာဝန်ဆက်လက်ပေးသွားရမည် ဖြစ်ပါကြောင်း။ လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးပါက မိမိတို့ဗဟိုကော်မတီ၏ သဘောတူညီမှုနှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ အေဂျင်စီနဲ့ အေဂျင်စီရုံးခွဲများကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ရမည်ဖြစ်ပါကြောင်း။ SME လုပ်ငန်းများသည် အလွန် များပြားလှပြီး ကျယ်ပြန့်ခြင်းကြောင့် စနစ် တကျ အာရုံစိုက်၍ ဘက်ပေါင်းစုံပံ့ပိုး ဆောင်ရွက်သင့်သည်ဟု ပြောကြားလိုပါကြောင်း၊ ယခု အစည်းအဝေးမှစ၍ SME ဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့် စွာ အရှိန်မြှင့် ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးတိုး တက်မှုတွင် အဓိကပါဝင်သည့် SME များတိုးတက်ရန် အင်တိုက်အား တိုက်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

    ထို့နောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ တွဲဖက်ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် SME များဟာ မလွှဲမရှောင်သာ ကျွန်မတို့ တိုးတက်အောင် လုပ်ရမယ့် ကဏ္ဍဖြစ်ပါတယ်။ သမ္မတကြီး ညွှန်ကြားသွားတဲ့အတိုင်းပဲ ကျွန်မတို့ ၉၉ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေဟာ SME ဖြစ်ပါတယ်။ ဒီ SME တွေအောင်မြင်မှ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မယ်ဆိုတာ ထူးထူးထွေထွေ ရှင်းပြနေစရာ မလိုပါဘူး။ SME များနှင့် ပတ်သက်လို့ရှိရင် ကျွန်မတို့ရဲ့ အစိုးရဌာနများက သတ်မှတ်ထားတဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကတော့ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွင့်ဖြိုးမှုနဲ့ တီထွင်ဖန်တီးမှု ၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံ များရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နဲ့ လုပ်ထုံးလုပ်နည်းများနဲ့ လုပ်သာကိုင်သာသော စီးပွားရေးဝန်းကျင်ကောင်းများဆိုပြီးတော့ ကျွန်မတို့ရဲ့ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ဖိတ်ကြားထားတဲ့ ပညာရှင်များ၊ အတတ်ပညာရှင်များ၊ အသိပညာရှင်းများကနေပြီးတော့ ဝိုင်းဝန်းဆွေးနွေးပြီးတော့ ဘယ်လို အကောင်းဆုံး ကျွန်မတို့အကောင်အထည်ဖော်နိုင်မလဲ ကျွန်မတို့ရဲ့ မူဝါဒတွေကို ဘယ်လိုအကောင် အထည်ဖော်နိုင်မလဲဆိုတဲ့ အကြံကောင်းတွေပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ SME များဟာ ပြည်တွင်းရော ပြည်ပရော ဆက်သွယ်ပေးထားတဲ့ တံတားလို့လဲ ပြောလို့ရပါတယ်။ အခုအချိန်မှာ SME တွေထူထောင်တဲ့အခါမှာ ကျွန်မတို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ မေ့လို့မရပါဘူး။ ဒါကြောင့်မို့လို့ အာဆီယံ က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တန်ဖိုးထား စံနှုန်းဘောင်တွေထဲကနေ လုပ်ဖို့လိုသလို ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်ကိုကြည့်ပြီးတော့ လုပ်ဖို့လိုပါတယ်။ SME တွေကို တည်ထောင်တဲ့အခါမှာ ကျွန်မတို့နိုင်ငံ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတာ ကို မေ့လို့မရပါဘူး။ SME ဆိုရင် တော်တော်များကိုထူထောင်ရာတွင် စိုက်ပျိုးရေး လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့မထင်ကြဘူး။ စီးပွားရေးလုပ်ငန်းဆိုတာကို စိုက်ပျိုးရေးနဲ့ မဆက်နွယ်ဘူး။ စက်မှုလက်မှုနဲ့ ဆက်နွယ်တယ်လို့ ထင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိ ပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ ဆိုရင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများဟာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍနဲ့ဆက်နွယ်ဖို့လိုပါတယ်။ ၂၁ ရာ စု ကမ္ဘာ့ရဲ့ စားသောက်ကုန်များ လိုအပ်ချက်အပေါ်အခြေခံပြီးတော့ ကျွန်မတို့ရဲ့ SME ဟာဘယ်လိုတိုးတက်နိုင်မလဲ၊ အခြားနိုင်ငံတွေရဲ့ SME တွေထက် ဘယ်လို အင်အား များနိုင်မလဲ၊ တွန်းအားရှိနိုင်မလဲဆိုတာကို အဓိကထားပြီးတော့ ကျွန်မတို့ရဲ့ အတတ် ပညာရှင်များ၊ အသိပညာရှင်များက အကြံပြုစေချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက် က အဓိကပါပဲ။ ကိုယ့်နိုင်ငံဟာ ကမ္ဘာကြီးမှာ အထီးကျန်အနေနဲ့ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဒေသတွင်း ဆက်နွယ်မှုတွေနဲ့ ကမ္ဘာကြီးရဲ့ ဆက်နွယ်မှုတွေနဲ့ ဆက်နွယ်ပြီးတော့ ကျွန်မတို့ SME တွေ အောင်မြင်အောင် လုပ်ဖို့ပါပဲ။ အရေးကြီးဆုံးက ပညာရေးပါပဲ။ SME က စပြီးတော့ လုပ်နေတဲ့ လုပ်ငန်းလေး တွေ ပိုပြီးအောင်မြင်အောင် ကျွန်မတို့အစိုးရအနေနဲ့ ဘယ်လိုပံ့ပိုးမလဲ။ အစိုးရက အားလုံးလုပ်ပေးလို့မရပါဘူး။ ကျွန်မတို့ဟာ ဈေးကွက်စီးပွားရေးစနစ်ကို ယုံကြည်တဲ့ စနစ်ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်အတွင်းမှာ ကျွန်မတို့ SMEလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရက ဘယ်လိုပံ့ပိုးမလဲဆိုတာကို ဗဟိုကော်မတီအနေနဲ့ ဦးဆောင်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဈေးကွက်စီးပွားရေးစနစ်အတွင်း ပံ့ပိုးပေး ဖို့၊ လက်ဝါးကြီးအုပ်ဖို့မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒတွေအရ လုပ်ရမယ်ဆိုပြီး ကန့်ကွက်ဖို့လည်းမဟုတ်ပါဘူး။ ဈေးကွက်စီးပွားရေးစနစ်အတွင်း ကျွန်မတို့ SME လုပ်ငန်းတွေ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုပံ့ပိုးကူညီမလဲ၊ ဘယ် လိုပံ့ပိုးမလဲ၊ ဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေတဲ့တစ်ချိန်တစ်ခါတည်းမှာကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီး စီးပွားရေးအရ ဆက်သွယ်မှုတွေမက လူမှုရေးအရဆက်သွယ်မှုတွေ တိုးတက် ကောင်းမွန်ဖို့အတွက် ဘယ်လိုလုပ်သွားမလဲဆိုတာ ကြည့်ပြီးတော့အကြံဉာဏ်ပေး စေချင်ပါတယ်။ ကျွန်မတို့ အမြင်ကျယ်ဖို့လိုပါတယ်။ အင်မတန်မှ ကျဉ်းမြောင်းတဲ့အမြင်နဲ့ ရေရှည်မှာ မအောင်မြင်နိုင်ပါဘူး။ ရေတိုအောင်မြင်မှုတော့ ရကောင်းရနိုင်ပါတယ်။ ရေရှည် SME တွေအောင်မြင်ဖို့ဆိုရင် ကမ္ဘာ့ရေစီးကြောင်းကို ကြည့်ရုံတင်မကပါဘူး။ ကမ္ဘာ့ရေစီးကြောင်း အပေါ် ကျွန်မတို့ သြဇာလွှမ်းမိုးဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့မှာ တီထွင်ဉာဏ်ရှိရပါမယ်။ တီထွင်ဉာဏ်ကို အကောင်အထည်ဖော်နိုင်ရမယ်။ တခြားနိုင်ငံ တွေမှာ မသုံးဘူးတဲ့ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေကို ရှာရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေထက် စီးပွားရေးမှာ တော်တော်နောက်ကျ နေပါတယ်။ နောက်ကျနေလို့ ကျော်တက်ဖို့ဆိုရင် တခြားသူတွေ မတွေးဘူးတဲ့ အတွေး တွေးမှ ဖြစ်မယ်။ ဈေးကွက်သစ်တွေ ဖန်တီးရမယ်။ အဲဒီလိုစိတ်တွေနဲ့ အသိပညာရှင် တွေ အတတ်ပညာရှင်တွေက ရဲရဲဝံ့ဝံ့အကြံပြုကြပါ။ မစမ်းသပ်ဘူးတဲ့ နည်းတွေနဲ့ စမ်း သပ်ရဲရမယ်။ မိုက်ရူးရဲဆန်တာကို ပြောတာမဟုတ်ပါဘူး။ သတ္တိရှိရှိ ပညာကိုအသုံး ပြုပြီး သူများတွေ မလုပ်ဘူးတဲ့နည်းတွေကိုလုပ်မယ်ဆိုရင် ကျွန်မတို့ SME တွေ ဖွံ့ဖြိုး တိုးတက်ဖို့ အင်မတန်မှ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စီးပွားရေးနဲ့ အင်မတန်မှ ဆက်နွယ်နေပါ တယ်။ ကမ္ဘာကြီးရဲ့ နိုင်ငံရေးကိုကြည့်လိုက်ရင် စီးပွားရေးတောင့်တင်းတဲ့နိုင်ငံတွေကို ကျန်နိုင်ငံတွေက အင်မတန်မှ မျက်နှာချိုသွေးနေရတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲံ နိုင်ငံတွေဟာ သြဇာလွှမ်းမိုးလာကြတယ်။ ကျွန်မတို့နိုင်ငံကို ကမ္ဘာ့အလည်မှာ တင့်တင့်တယ်တယ်နဲ့ ရပ်တည်စေချင်လို့ ဖြစ်ပါတယ်။ SME နဲ့ပတ်သက်လို့ လုပ်ငန်း ကော်မတီဟာ ကျွန်မတို့ အစိုးရဘက်က သင့်တော်တဲ့ ဌာနများရဲ့ ကိုယ်စားလှယ်များ သာမက အတတ်ပညာရှင်များ အသိပညာရှင်များ၊ ကျွန်မတို့ ပြည်သူတွေအတွက် စေတနနာနဲ့ စဉ်းစားပေးမယ့် ပုဂ္ဂိုလ်တွေကို ထည့်သွင်းထားတာဟာ ကျွန်မတို့ နိုင်ငံ အနေနဲ့ အရင်တုံးကဘယ်လိုပဲနောက်ကျခဲ့နောက်ကျခဲ့ အခုဆိုရင် အင်မတန်မှ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍဖြစ်တဲ့ SME တွေကို အခြေခံပြီးတော့ တခြားနိုင်ငံတွေ နဲ့ ရင်ဘောင်တန်းရုံတင်မက တခြားနိုင်ငံတွေကို ကျော်တက်သွားနိုင်တဲ့ အခြေအနေ တွေကို ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ထို့နောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က SME များထိရောက်စွာ ပံပိုးပေးနိုင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းသွားစေရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် / တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုနှင့် ခရိုင် (၃၈) ခုတို့တွင် စုစုပေါင်းရုံး ခွဲ (၅၃)ရုံးဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း။ SME မူဝါဒ၏ မျှော်မှန်းချက်မှာ ကဏ္ဍအသီးသီးရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ် မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကောင်းများ မြင့်မားလားပြီး၊ နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းတိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးတို့ကို ဦးဆောင် သွားနိုင်ရန် ဖြစ်ပါကြောင်း၊ SME ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ပံပိုးပေးနိုင်ရန်အတွက် SME Development Law ကို အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ထို့ပြင် ဥပဒေနှင့်အညီ ဖွဲ့စည်းရမည့် အမျိုးသားအဆင့်ကော်မတီများ သက်ဆိုင်ရာအဖွဲ့များနှင့် SME Agency တို့ကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရှိ SME Member အရေ အတွက်စုစုပေါင်း (၅၉၆၉၄)ဦး ရှိပါကြောင်း၊ SME လုပ်ငန်းများရှိ လုပ်သားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်အတွက် စက်မှုဝန်ကြီးဌာန စက်မှုသင်တန်းကျောင်းများတွင် နှစ်စဉ်ပုံမှန် သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ စက်မှုနှင့် သက်မွေးပညာ ရွေ့လျား သင်တန်းများ (Mobile Vocational Training)အား ကျေးလက်ဒေသများ အရောက် လှည့်လည်သင်တန်းပို့ချခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌ ၊ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပညာရှင်များက အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ၊ ပြဋ္ဌာန်းပြီးဥပဒေ၌ ပြုပြင်သင့်သည့်အချက်များ၊ တာဝန်ခွဲဝေမှုများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးတင် ပြကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတက SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပံ့ပိုးပေးရန် ၆ခု ရှိပါကြောင်း၊ ငွေကြေး၊ လျှပ်စစ်၊ လုပ်သာကိုင်သာရှိသော သင့်တော်သောအခွန်အကောက်၊ Credit Guarantee တို့ကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရာတွင် သတ်သတ်မှတ်မှတ် တာဝန်ခွဲပေးရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း၊ ကော်မတီသို့ စီးပွားရေးလုပ်ငန်းရှင်၊ ပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အကြံပေး နိုင်အောင် ဖွင့်လှစ်ထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်များ၊ နည်းပညာများဖြန့်ဝေရာတွင် စနစ်တကျ ဖြန့်ဝေရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ယနေ့အစည်းအဝေးသို့ ဗဟိုကော်မတီတွဲဖက်ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့်ပညာရှင်များ တက်ရောက်ကြသည်။ Source: Myanmar President office