မြန်မာနိုင်ငံတွင် ဘီပိုးကာကွယ်ဆေးအောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ်သကဲ့သို့ လိုအပ်သည့်နေရာများတွင် ကာကွယ်ဆေးလိုက်လံထိုးနှံပေးလျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၃၀
    
    မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်သကဲ့သို့ လိုအပ်သောနေရာများတွင် ကာကွယ်ဆေး လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဒုတိယစက်ရုံမှူး ဦးဝင်းဌေးက ပြောသည်။

    “ကျွန်တော်တို့ ဒီစက်ရုံက လှည်းကူးမြို့နယ်မှာရှိပေမယ့် ဘီပီအိုင်ရဲ့ လက်အောက် ဖြစ်ပါတယ်။ ဒီစက်ရုံက နိုင်ငံတကာအဆင့်မီ အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးတွေကို ထုတ်လုပ်နေသလို လိုအပ်တဲ့နေရာတွေမှာ ဆေးလိုက်လံထိုးပေးနေပါတယ်။ အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေမှာ လိုအပ်လို့ခေါ်မယ်ဆိုရင် ဆေးလိုက်လံထိုးပေးနေပါတယ်” ဟု ဦးဝင်းဌေးက တပ်မတော်ခန်းမတွင် ပြုလုပ်သော နိုင်ငံတကာ နည်းပညာပြပွဲတွင် ပြောသည်။

    ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီသော အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးထုတ်လုပ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုရီးယားနိုင်ငံ LG Life Science (LGLS) ကုမ္ပဏီနှင့် ပူးပေါင်း၍ (ဘီ) ပိုးကာကွယ်ဆေးကို ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ခဲ့ကြောင်း၊ LGLS သည် က္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ် ပြုထားသော WHO Prequalification Certificate ရရှိထားသည့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ကြောင်း၊ ယခုအခါ စက်မှုဝန်ကြီးဌာန ဘီပီအိုင် (ဆေးဝါးစက်ရုံအင်းစိန်)နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းသို့ Euvax BTM အမည်ဖြင့် (ဘီ) ပိုးကာကွယ်ဆေးများ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

    အဆိုပါ (ဘီ) ပိုးကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံမှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ခရေပင်လမ်းနှင့် အမှတ် (၇) လမ်းမကြီးထောင့်တွင် တည်ရှိကြောင်း၊ (ဘီ) ပိုးကာကွယ်ဆေးထိုးနှံရန် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ ဝ၁-၆၄၆၂၇၃၊ ဝ၉-၄၄၈၀၃၂၉၀၈၊ ဝ၉-၅၁၅၆၁၉၅ နှင့် ဝ၉-၅၀၈၅၄၅၈ တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ(ဘီ) ပိုးကူးစက်ခံရသူ ငါးသန်းကျော် ရှိကြောင်း၊ ဘီပိုးရှိမရှိစစ်ဆေးပြီး ရောဂါပိုးရှိပါက ချက်ချင်းကာကွယ်ဆေး ထိုးသင့်ကြောင်း၊ အထူးသဖြင့် ခုခံမှုအားနည်းသောမွေးကင်းစနှင့် ငါးနှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေးထိုးသင့်ကြောင်း သိရသည်။

    နိုင်ငံသားတိုင်း ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် အသည်းရောင် အသားဝါ(ဘီ)ကာကွယ်ဆေးထိုးနှံနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ စက်ရုံကို ၂၀ဝ၂ ခုနှစ်တွင် စတင်တည်ဆောက်ပေးခဲ့ကာ ယခုအခါ နိုင်ငံတာအဆင့်မီ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရ သည်။

မြင့်မောင်စိုး
Source: The Mirror Daily