Burmese

စက်မှုဇုန်ထုတ်မော်တော်ယာဉ်များအား ဂျပန်နည်းစနစ်အတိုင်း စစ်ဆေးသွားမည်

    အစိုးရသစ်စတင်တာဝန်ယူပြီးနောက် နိုင်ငံတော်မှစီးပွားရေးမူဝါဒ ချမှတ်ခဲ့ရာတွင် 'အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်' ဟုပါရှိသည့်အတွက် ယင်းလုပ်ငန်းများအပြင် ဆက်စပ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခင်ကစက်မှုဇုန်များ၌ မော်တော်ယာဉ်များကို သွင်းကုန်အစားထိုးအဖြစ် ပြည်တွင်း၌ထုတ်လုပ်ခဲ့ကြသော်လည်း ယခုအခါဈေးကွက်စီးပွားရေးအရ မော်တော်ယာဉ်အသစ်များကို တပ်ဆင်ထုတ်လုပ်ကြရမှာဖြစ်ပြီး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေး၍ သုံးစွဲသူအကြိုက်ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ရမှာဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် လယ်ယာသုံးယာဉ်ယန္တရားများကို စစ်ဆေးအတည်ပြုပေးနေပြီး၊ စက်မှုဇုန်ထုတ်မော်တော်ယာဉ်များအား အရည်အသွေးမြင့်မားရေး၊ သုံးစွဲသူပြည်သူများ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေး ခေတ်မီနည်းပညာသုံးစစ်ဆေးရေးကိရိယာများအသုံးပြု၍ စစ်ဆေးပြီး Certificate of Approval ထုတ်ပေးမှာဖြစ်ကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် မော်တော်ယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း၊ မော်တော်ယာဉ်များထုတ်လုပ်ရာတွင် အာဆီယံစံသတ်မှတ်ချက်များနှင့် ကိုက်ညီရန်လိုအပ်ပြီး သတ်မှတ်ထားသည့်မူဘောင်အတွင်းမှ ဆောင်ရွက်ရန်လည်း အစိုးရအဖွဲ့မှလမ်းညွှန် ထားကြောင်း၊ မော်တော်ယာဉ်အဟောင်းများကိုအသုံးပြုလျှင် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးရာနှုန်းပြည့် မရနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်ပါကြောင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများ တင်သွင်း၍ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် နည်းပညာနှင့်အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိမှာဖြစ်ကြောင်း၊ အစိုးရသစ်လက်ထက်တွင် အများပြည်သူသုံး Bus, Truck နှင့်လုပ်ငန်းသုံးယာဉ်များစွာ ထုတ်လုပ်ရန်လိုအပ်ပြီး ဈေးကွက်ချဲ့ထွင်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိမှာဖြစ်ကြောင်း' စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက နေပြည်တော်၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်က စက်မှုဇုန်များမှ မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။

    အစိုးရသစ်လက်ထက်၌ စက်မှုဝန်ကြီးဌာနအနေဖြင့် ဇုန်ထုတ်မော်တော်ယာဉ်များအားစစ်ဆေးရာတွင် ဂျပန်နိုင်ငံတွင်စစ်ဆေးသည့်ပုံစံများအတိုင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းရှင်များသိရှိနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရှင်းလင်းခြင်းဖြစ်ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက “မော်တော်ယာဉ်ထုတ်လုပ်သူလုပ်ငန်းရှင်များအား စက်မှုဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်စစ်ဆေးရာတွင် စစ်ဆေးမည့်စက်အစိတ်အပိုင်းများ၊ အချက်အလက်များကို အားလုံးသိရှိအောင် ရှင်းလင်းပြသရန်နှင့် စစ်ဆေးမှုခံယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန်ဖြစ်ကြောင်း၊ ထိုသို့စစ်ဆေးခြင်းသည် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မှန်ကန်သောထုတ်လုပ်မှုများကို အားပေးကူညီရန်အတွက် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်စက်မှုဇုန်များ ရှင်သန်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားပြီး လုပ်ငန်းရှင်များ၏သိလိုချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Source: Beacon of Industry