Burmese

စက်မှုဝန်ကြီးဌာနနှင့် JICA တို့ပူးပေါင်းကျင်းပသည့် မြန်မာ့စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၃

စက်မှုဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ပူးပေါင်း၍ မြန်မာ့ စက်မှုကဏ္ဍဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို (၃.၁၀.၂၀၁၆)ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကိုယ်စားအမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က စက်မှုလုပ်ငန်း တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နိုင်ရန်အတွက် Strengthening Industrial Promotion Functions စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်း၏ အစီအစဉ်တစ်ရပ်ဖြစ်သော ယခုကျင်းပသည့်ရှင်းလင်းဆွေးနွေးပွဲမှ စီးပွားရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် မူဝါဒဆိုင်ရာ အကြံပြုချက်နှင့် လမ်းညွှန်ချက်များ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကိုကိုလွင်က Seminar on Industrial Development Policy in Myanmar

အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ်

ဆက်လက်၍ ဂျပန်နိုင်ငံ Hitotsubasi University မှ ပါမောက္ခဖြစ်သူ Mr. KonosukeOdaka က MEDP ၏ နောက်ဆက်တွဲဆောင်ရွက်ချက်အဖြစ် Project for Strengthening Industrial Promotion Functions (SIPF) ကို စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ SIPF စီမံချက်အရ ယခုကဲ့သို့ မြန်မာ့စက်မှုကဏ္ဍဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပခြင်းဖြင့်  စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် စီမံချက်များကို ဖော်ထုတ်ချမှတ်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနား ခေတ္တရပ်နားစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီမှ တာဝန်ရှိသူများသည် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ငါးနှစ်တာဆောင်ရွက်ခဲ့သည့် Myanmar Economic Development Program (MEDP)ကို ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မူဝါဒချမှတ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် စာတမ်းရှင်များက ခေါင်းစဉ်အလိုက် စာတမ်းများ အသီးသီးဖတ်ကြားပြီးနောက် Cabinet Secretarial of Japan မှ Counsellor ဖြစ်သူ Mr. Akira Matsunaga ၊ တိုကျိုတက္ကသိုလ်မှ ပါမောက္ခ Mr. FumiharuMieno နှင့် ဂျပန်နိုင်ငံ National Graduate Institute for Policy Studies မှ ပါမောက္ခဖြစ်သူ Toshihiro Kudo တို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်ကြသူများ၏ မေးမြန်းချက်များကို စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် JICA မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

(သတင်းစဉ်)

Source: The Mirror Daily