ပြည်သူပိုင်အဆောက်အအုံများ ဆိုင်ရာ စွမ်းအင်အကျိုးရှိထိရောက်စွာသုံစွဲရေးနှင့် ခြိုးခြံချွေတာရေး သင်တန်းဖွင့်

နေပြည်တော် သြဂုတ် ၃

မြန်မာနိုင်ငံအနေဖြင့် “စွမ်းအင်ထိရောက်အကျိုးရှိစွာ အသုံးချရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာ မူဝါဒ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်”များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သြဂုတ် ၁ ရက်က စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပြည်သူပိုင် အဆောက်အအုံများဆိုင်ရာစွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးအခြေခံသင်တန်း (Basic Training for Building Energy Mangement) တွင် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရန်အတွက် United Nations Framework Convention on Climate Change (UNFCCC) အဖွဲ့ဝင်နိုင်ငံများမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း COP21 ကို ပြင်သစ်နိုင်ငံပါရီမြို့တွင် ကျင်းပခဲ့ပါကြောင်း။ ယင်းညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် (Intended Nationally Derermined Contribution INDC )ကို တင်ပြခဲ့ကြပါကြောင်း၊ ယခုသင်တန်းကို ပြည်သူပိုင်အဆောက်အအုံများတွင် စွမ်းအင်ကိုအကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အများပြည်သူပိုင်ဆိုင်ရာလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများအား စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး အသိပညာများ မြှင့်တင်ပေးရန်နှင့်ဝန်ထမ်းများ၏ ပြုပြင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် စွမ်းအင်ခြိုးခြံချွေတာရေးဌာန ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းက စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာ အခြေခံအကြောင်းအရာများ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲသည့် အဆောက်အအုံများ ဖြစ်လာစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဌာနတွင်း EE Internal Team ဖွဲ့စည်းခြင်း၊ အခြေခံ အချက်အလက်များကောက်ယူခြင်း၊ Energy Audit ပြုလုပ်ခြင်း၊ Energy Conservation Measure နှင့် Cost and Benefits Analysis တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက Group Exercise  များပြုလုပ်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

သင်တန်းသို့ နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများမှ သင်တန်းသား သင်တန်းသူ ၆၀ ခန့် တက်ရောက်ခဲ့သည်။ 
(သတင်းစဉ်)