ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဖြင့်နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်

နေပြည်တော် ဇူလိုင် ၂၈

အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်နိုင်ရေးကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁ဝ နာရီခွဲက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇) အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်း (Myanmar Textile Manufacturers Association – MTMA) ဗဟိုအလုပ်အမှုဆောင် ကော်မတီဖွဲ့စည်းရေး အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့သည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ အနေဖြင့် နိုင်ငံရေး၊ လူမှုစီးပွားရေး၊ အုပ်ချုပ်ရေးစသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား စက်မှုကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနကြီးကြပ်မှုဖြင့် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍအတွက် လိုအပ်သောကုန်ကြမ်းများ၊ စက်နှင့်စက်အရန်ပစ္စည်းများ၊ ပူးတွဲသုံးပစ္စည်းများ၊ ကုန်ချောများ တစ်နေရာတည်းတွင်စုဝေး၍ ထုတ်လုပ်နိုင်သည့် အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာအထူးဇုန် (Specialized Textile and Garment Zone)များ တည်ထောင်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းသွားရန် လိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအား စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ International Textile Laboratory တည်ထောင် ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ အချင်းချင်းညီညီ ညွတ်ညွတ်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရေရှည်ရှင်သန်နိုင်ရေးအတွက် ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

(သတင်းစဉ်)