(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပလျက်ရှိ

နေပြည်တော် ဇူလိုင် ၁၃

အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများဖြစ်သော အာဆီယံ ရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေး နည်းပညာဆိုင်ရာ၊ အာဆီယံလျှပ်စစ် စွမ်းအားဆိုင်ရာ၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးဆိုင်ရာ၊ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ၊ ဒေသတွင်း စွမ်းအင် မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ၊ မြို့ပြသုံး နျူကလီးယား စွမ်းအင်ဆိုင်ရာ၊ အာဆီယံစွမ်းအင် မူဝါဒချမှတ်သူများ အဖွဲ့အစည်းကွန်ရက်နှင့် အာဆီယံ စွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးဆိုင်ရာများ နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောကြားသည်။

ဆွေးနွေးပွဲတွင် အာဆီယံ+၃ နိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးအတည်ပြုကြ မည်ဖြစ်ကြောင်း သိရှိရပြီး အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍအပေါ် ''အာဆီယံဒေသတွင်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးပါတယ်။ အာဆီယံဖွံ့ဖြိုးတိုးတက်ရေးသာမက အရှေ့အာရှနဲ့ တောင်အာရှဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်တယ်။

စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာမှာ သန့်စင်တဲ့ စွမ်းအင်သုံးစွဲနိုင်ဖို့၊ စွမ်းအင်ခြိုးခြံ ချွေတာသုံးစွဲဖို့၊ စွမ်းအင်ဖူလုံဖို့ကိုလည်း အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်သွားမယ်။ ပြီးတော့ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ဖို့နဲ့ စွမ်းအင်သုံးစွဲမှုနဲ့သက်ဆိုင်တဲ့ စံစနစ်တွေ လိုက်လျောညီထွေဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်။ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ် ၂ဝ၁ဝ-၂ဝ၁၅ အကောင်အထည် ဖော်တာ ၉ဝ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့တယ်''ဟု အမြဲတမ်းအတွင်းဝန်က အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးသို့ အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင်မြင့်အရာရှိကြီးများနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင် ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန် နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ယခု (၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းကာ ထွက်ပေါ်လာမည့် သဘောတူညီချက်များကို လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် (၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင် ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၉ ခုနှစ်တွင် (၂၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ဒုတိယ အကြိမ်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(ဟန်နီဝင်း)

Source: The Mirror Daily