နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ဒေသတွင်း ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပခြင်း

၁။    အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအား (၂၂.၃.၂၀၁၉) မှ (၂၄.၃.၂၀၁၉) အထိ MICC-II နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

၂။    နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ(နေပြည်တော်) ကျင်းပရခြင်းမှာ MSMEs လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာစေရန်၊ ပါဝင်ပြသသူ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှု များကို လေ့လာနိုင်စေရန်၊ ဒေသအလိုက်ထုတ်ကုန်များကို စားသုံးသူများနှင့် မိတ်ဆက်ပေးနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိ လုပ်ငန်းစဉ် တစ်လျောက်လိုအပ်ချက်များကို ပိုမိုနားလည်ဆန်းစစ် အဖြေရှာနိုင်စေရန်နှင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် MSMEs များ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် Regional Trade Promotion မှ International Market အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

 

၃။    အဆိုပါပြပွဲတွင် အိမ်သုံးနှင့်လက်မှုပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နှင့်အထည်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုဝန်ကြီးဌာနပြခန်းများ စုစုပေါင်း (၃၀ဝ)ခန်းခန့် ပါဝင်ပြသခဲ့ပါသည်။ ထို့ပြင် ပထမအကြိမ်မှ နဝမအကြိမ်ထိ ဒေသတွင်းပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော MSMEs လုပ်ငန်းရှင် (၁၂၂)ဦး အနက် (၉၆)ဦးတို့သည် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး နိုင်ငံတော်အဆင့် National Awards များကိုလည်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ပြပွဲ၊ ပြိုင်ပွဲ၏ ဆက်စပ်အခမ်းအနားများအဖြစ် "မြန်မာ့ကုန်စည် ကမ္ဘာဆီသို့" ခေါင်းစဉ်ဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များမှ Panel Discussion ဆွေးနွေးပွဲများ ပြုလုပ်ဟောပြော ပို့ချခြင်း၊ MSMEs ထုတ်ကုန် မိတ်ဆက်အခမ်းအနားနှင့် Knowledge Sharing ကျင်းပပြုလုပ် ခြင်းနှင့် City Mart, Gandamar Whole Sale စသော အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် Business Matching ချိတ်ဆက်ခြင်းစသော အခမ်းအနားများကိုလည်း ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်။