နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို မိသားစုတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင်၊ ရွှေသား၊ ရွှေပြားသင်္ကန်းတော် ကပ်လှူပူဇော်ရန် ရွှေပြားသင်္ကန်းတော်များ ပေးအပ်လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၃
     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို မိသားစုတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင်၊ ရွှေသား၊ ရွှေပြား သင်္ကန်းတော်များ ကပ်လှူပူဇော်ရန်အတွက် ရွှေပြားသင်္ကန်းတော်များ ပေးအပ်လှူဒါန်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
     အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဂုဏေသန အမှူးပြုသော ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
     အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ကျိုက်ပိကျောင်း ဆရာတော်ထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီးအမှူးပြုသော ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
     ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးမိသားစုတို့က ရွှေပြားသင်္ကန်းတော်များ ပေးအပ် လှူဒါန်းကြရာ စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးအောင်မြတ် က လက်ခံပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။
     ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးမိသားစုတို့က ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ကျိုက်ပိကျောင်း ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
  
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
     ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးအမှူးပြုသော ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသထံမှ ရေစက်ချအနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
     ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးမိသားစုတို့က ရွှေပြားသင်္ကန်းတော်များအား ပရိတ်နံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြသည်။
     ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ရွှေတိဂုံစေတီတော် တောင်ဘက် အောက်ပစ္စယာ၌ ကျင်းပသည့် ရွှေပြားကြိတ်စက်ရုံ အဆောက်အဦဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
     ဖွင့်ပွဲအခမ်းအနားတွင် ရွှေပြားကြိတ်စက်ရုံအဆောက်အဦကို ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးမင်းသူ၊ သူရဦးအောင်ကိုနှင့် ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရွှေပြားကြိတ်စက်ရုံအလှူရှင် သုဓမ္မမဏိ ဇောတဓရ ဦးဇော်ဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
  
     ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရွှေပြားကြိတ်စက်ရုံကိုစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သမ္မတနှင့်ဇနီး၊ တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်း ကျောက်စာတော်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။
     ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်တာဝန်ရှိသူများသည် ရွှေပြားကြိတ်စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။
     ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။