B.O.T စနစ်ဖြင့် ၁၂ ထပ် အမြင့်ရှိService Apartment ဆောက်လုပ်ရန် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် NSKRE ကုမ္ပဏီတို့ကြား မြေငှားရမ်းခြင်းသဘောတူ စာချုပ်လက်မှတ်ရေးထိုး

     စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြေဧက ၁ ဒသမ ၄၈ ဧက ပေါ်တွင် B.O.T စနစ်ဖြင့် ၁၂ ထပ် အမြင့်ရှိ Service Apartment ဆောက်လုပ်ရန် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါး လုပ်ငန်းနှင့် NSKRE RESIDENCE (MYANMAR) Co.,Ltd တို့ကြား မြေငှားရမ်းခြင်းသဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်းကို ၆.၁၀.၂၀၁၈ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခန်းမတွင် ပြုလုပ်သည်။
     အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယခုငှားရမ်းခြင်း စာချုပ်သည် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် NSKRE(Nippon Steel Kowa Real Estate ) Residence (Myanmar) Co., Ltd တို့အကြား ၁၂ ထပ်၊ Service Apartment ကို B.O.T စနစ်ဖြင့် တည်ဆောက်နိုင်ရေးအတွက်မြန်မာ့ဆေးဝါးလုပ်ငန်းပိုင်မြေကို ကုမ္ပဏီသို့နှစ်ရှည်ငှားရမ်း ဆောင်ရွက်ရန်ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီမှ ခွင့်ပြုချက်ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း ပြောကြားသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများအနေဖြင့် အဆောက်အအုံ တည်ဆောက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီတည်ဆောက်ရန်၊ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရေးအတွက် ချမှတ်ထားသည့်သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ဆောက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်လုံခြုံဘေးကင်းရေးကို ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ၊ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရန်၊ ကောင်းမွန်သည့် အမှိုက်စွန့်စနစ် တို့ကိုပါ ထည့်သွင်းတည်ဆောက်ရန် အထူးမှာကြားလိုကြောင်း၊ အဆောက်အအုံနှင့် မြေအတွက် အလုံးစုံ အာမခံထားရန်လည်း လိုအပ်ပါကြောင်း၊ အဆိုပါ အချက်များကို စာချုပ်တွင်လည်း ထည့်သွင်းချုပ်ဆိုပြီးဖြစ်ကြောင်းပြောကြားသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဆိုပါ အဆောက်အအုံတည်ဆောက်ခြင်းဖြင့် ရန်ကုန်မြို့တော်တွင် နိုင်ငံတကာစံနှုန်းမီအထပ်မြင့် အဆောက်အအုံတစ်ခုပေါ်ထွန်းလာပြီး နိုင်ငံတော်အနေဖြင့် မြေအသုံးပြုမှု ပရီမီယံကြေး ၊ နှစ်စဉ် ငှားရမ်းခများနှင့် အခြား အခွန်အခများကို ရရှိမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ NSKRE ကုမ္ပဏီအနေဖြင့် စာချုပ်ပါအချက်များကို ဂရုပြုပြီးစာချုပ်ပါ အချက်များနှင့်အညီ တိတိကျကျ ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
     ထို့နောက် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင် နှင့် NSKRE RESIDENCE (MYANMAR) Co.,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ Mr. Hirosato Fukimbara တို့ B.O.T စနစ်ဖြင့် ၁၂ ထပ် အမြင့်ရှိ Service Apartment ဆောက်လုပ်ရန် မြေငှားရမ်းခြင်း သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
အဆိုပါ ၁၂ ထပ်အမြင့်ရှိ Service Apartment အဆောက်အအုံကို တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် မြေ (ယခင် ဘဲနှစ်ကောင် မြူစွမ်စက်ရုံ ) မြေဧက ၁ ဒသမ ၄၈ ဧကပေါ်တွင် NSKRE ကုမ္ပဏီမှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်မည့် ဂျပန်နိုင်ငံသားများလည်း နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ငှားရမ်းကာလမှာ MIC ခွင့်ပြုချက်အရ နှစ် ၅၀ ဖြစ်ပြီး ငှားရမ်းကာလ ကုန်ဆုံးချိန်တွင် BOT စနစ်အရ အဆောက်အအုံကို ကုမ္ပဏီမှ မြန်မာ့ဆေးဝါးလုပ်ငန်းသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်းနှင့် ယခု တည်ဆောက်မည့် ၁၂ ထပ် အဆောက်အအုံတွင် Fitness Center ၊ Minimart ၊ Restaurant ၊ Business ရုံးခန်းများ၊ ကားပါကင်နှင့် လူနေခန်းပေါင်း ၂၃၀ ပါရှိမည်။

Latest News