မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းများ ဖြန့်ဝေခြင်းနှင့်စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပြောကြား

By: 

     စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းနှင့် ဂျပန်နိုင်ငံ Tsuyatomo Co., Ltd. တို့သည် မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ဂျပန်နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းများ ဖြန့်ဝေခြင်းဆိုင်ရာသင်တန်းကို စက်တင်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)၌ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။
     အဆိုပါနည်းလမ်းများ ဖြန့်ဝေခြင်းနှင့်စပ်လျဉ်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပြောကြားပွဲကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန်နှင့် အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ Myanmar – Japan Center Japan International Cooperation Agency (JICA) မှ တာဝန်ရှိသူများ၊ နေပြည်တော်အခြေစိုက် သတင်းဌာနများမှ သတင်းသမားများ တက်ရောက်ခဲ့ကြသည်။
     ရှင်းလင်းပြောကြားပွဲတွင် ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်က ကမ္ဘာ့နိုင်ငံများရှိ အထည်အလိပ်လုပ်ငန်းရှင်များ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံ၏ အထည်အလိပ်အခန်းကဏ္ဍ၊ Textile Policy ရေးဆွဲဆောင်ရွက်နေမှု၊ ပြည်တွင်းအထည်အလိပ်ကဏ္ဍ တိုးတက်စေရန်အတွက် Infrastructure များ၏ အရေးပါမှုတို့ကို ရှင်းလင်းပြောကြားပြီး Mr. Yoshihiro Oguri က ၄င်းတို့ကုမ္ပဏီဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်ချက်များ၊ ရွှေတောင်အထည်စက်ရုံ၌ သင်ကြားပို့ချမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဂျပန်နိုင်ငံ Tsuyatomo Co., Ltd. မှ နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ပိတ်စနှင့် မြန်မာပြည်တွင်းထုတ်ပိတ်စတို့ကို နှိုင်းယှဉ်မီးရှို့ပြသကာ ၄င်းတို့၏နည်းပညာအားသာချက်ကို လက်တွေ့သရုပ်ပြသခဲ့သည်။
      ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိလိုသည်များ မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းများ ဖြန့်ဝေခြင်းအစီအစဉ်သည် JICA ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အောက်တွင်ရှိပြီး နောင်အနာဂတ်မြန်မာနိုင်ငံ၏ အထည်ဆေးဆိုးခြင်းလုပ်ငန်းများ တိုးတက်လာစေရေးအတွက် စီမံခန့်ခွဲနိုင်သည့် ခေါင်းဆောင်များ၏ အရည်အသွေးကို တိုးတက်စေရန် ကူညီထောက်ပံ့သည့် အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်ကို ဂျပန်နိုင်ငံ Tsuyatomo Co., Ltd. နှင့် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းတို့က ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် (၄)ကြိမ်ဖြင့် (၁၂)ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကာ Japanese Style Management(1), Japanese Style Management(2), Project Management, Financial Management, Communication Skills, Human Resources Management နှင့် Leadership သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

Latest News