စစ်တွေမြို့၌ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်လှစ်

By: 

စစ်တွေ သြဂုတ် ၂၇
       စက်မှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ)မှ တာဝန်ယူဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ်(၇၆) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ဖွင့်လှစ်ရာ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးကျောက်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁) စက်မှုသင်တန်း ကျောင်း(ဆင်တဲ)၊ ကျောင်းအုပ်ကြီး ဦးဘုန်းကျော်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
     ရှေးဦးစွာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လျှပ်စစ်၊စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေး အတွက် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ်လုပ်ငန်းနှင့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစသည့် လုပ်ငန်းရှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ)၊ကျောင်းအုပ်ကြီး ဦးဘုန်းကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ “ အကြောင်းအမျိုးမျိုးကြောင့် စက်မှုသင်တန်းကျောင်းများမှာ လက်ရောက်မတက်နိုင်သူ လူငယ်များအတွက် ရွေ့လျားသင်တန်းများ အစီအစဉ်ဖြင့် ကျေးလက်ဒေသများအရောက် စက်မှုနှင့် အသက်မွေးပညာရပ်ကို လိုက်လံ သင်ကြားပြသပေးလျက်ရှိပါတယ်။ ဝါသနာအရင်းခံပြီး အကြောင်းအမျိုးမျိုးကြောင့် စက်မှုပညာရပ်များကို သင်ယူခွင့်မရရှိခဲ့တဲ့ လူငယ်များအတွက် ယခုလို စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရာရောက်သလို၊ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးအတွက်လည်များစွာ အထောက်အကူဖြစ်စေပါတယ်”ဟု ၊အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)၊ကျောင်းအုပ်ကြီး ဦးဘုန်းကျော် ကပြောသည်။
      သင်တန်းတွင် လူငယ် ၃ဝ ဦးကို အခြေခံလျှပ်စစ်ကျွမ်းကျင်းမှုဘာသာရပ်များကို နည်းပြဆရာ ၊ ဆရာမများက သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ သြဂုတ် ၂၇ မှ စက်တင်ဘာ ၇ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

  

Latest News