စက်မှုဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် (၁၈)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့ နံနက်(ဝ၈:ဝ၀)နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၏ ရုံးအမှတ် (၃၀)၊ (၃၇)နှင့် (၄၁) ပတ်ဝန်းကျင်တို့တွင် ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပိတောက်ပင်ကို စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး တို့က သတ်မှတ်နေရာများ၌ ခရေ၊ ပျဉ်းမ၊ ကံ့ကော်၊ ပုံးညှက်ပင်တို့ကို စိုက်ပျိုးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးသည့် သစ်ပင်များကို လိုအပ်သောနေရာများတွင် ကြိုတင်အကွက်ချ၍ စနစ်တကျ စိုက်ပျိုးထားခြင်း ဖြစ်၍ ရှင်သန်အောင် ပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ ယခင်စိုက်ခဲ့ပြီးသော သစ်ပင်များကိုလည်း ပျက်စီးပြုန်းတီးမှုမရှိအောင် ပုံမှန်ထိန်းသိမ်း စောင့်ရှောက် ကြရန်နှင့် ယခုအသစ်ထပ်မံ စိုက်ပျိုးပင်များကိုလည်း စနစ်တကျ ဆက်လက် ထိန်းသိမ်းကြရန်လိုကြောင်း၊ မိမိတို့ရုံးပတ်ဝန်းကျင်မှအစပြု၍ သစ်ပင်များ စိုက်ပျိုး ခြင်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းလန်းစိုပြေစေမည်ဖြစ်ကြောင်း၊ ဤကောင်းမွန်သော အစဉ်အလာကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျင့်သုံးခြင်းဖြင့် ရာသီဥတုကို မျှတထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နောင်နှစ်များတွင်လည်း သစ်ပင်၊ သစ်တောနည်းပါးသည့်နေရာများသို့ ဆက်လက် တိုးချဲ့စိုက်ပျိုးသွားနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးပြီးစီးမှု မှတ်တမ်း ဓါတ်ပုံများဖြင့် အပင်များရှင်သန်ကြီးထွားမှုကိုလည်း စနစ်တကျ ထိန်းသိမ်းပြုပြင် စောင့်ရှောက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
     ယနေ့ စက်မှုဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပိတောက်၊ ခရေ၊ ပျဉ်းမ၊ ကံ့ကော်၊ ပုံးညှက်၊ ကျွန်း၊ မဟော်ဂနီ၊ စိန်ပန်းဝါနှင့် ပျဉ်းကတိုးပင် စုစုပေါင်း(၂၉၅)ပင် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
  

Latest News