စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ မြိုင်ကလေးမြို့နယ်ရှိ ရာဘာခြံများကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်ထောင်စုဝန်ကြီးမှ အကျိုးတူဖက်စပ်စက်ရုံများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်(၁၁)
      စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၉.၆.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အန္ဒိယနိုင်ငံနှင့် လက်တွဲဆောင်ရွက်မည့် ရာဘာအခြေခံသထုံစက်မှု သင်တန်းကျောင်း တည်ဆောက်မည့်နေရာသို့ ရောက်ရှိပြီး နိုင်ငံတော်အတွက် အကျိုးရှိမည့် ရာဘာထုတ်လုပ်မှုပညာရပ်များကို အမြန်ဆုံး စတင်သင်ကြားပေးနိုင်ရန် စီစဉ်ပေးခဲ့သည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့သည် မြိုင်ကလေးမြို့နယ်ရှိ ရာဘာခြံများ သို့ရောက်ရှိပြီး ရာဘာပင်များစိုက်ပျိုး ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီးနောက် အစည်းအဝေးခန်းမတွင် စိုက်ကွင်းတာဝန်ခံမှ ရာဘာခြံတည်နေရာ အကျယ်အဝန်း၊ နောက်ခံသမိုင်းအကျဉ်း၊ ရာဘာပင်များစိုက်ပျိုးထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိက ရာဘာစိုက်ပျိုးသူတို့သည် အရည်အသွေးမြင့် စက်မှုကုန်ကြမ်းရာဘာများ တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် နိုင်ငံပိုင်မြေနေရာများအား အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်မည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးမှ အရည်အသွေးမြင့် ရာဘာထုတ်ကုန်များထွက်ရှိရေး၊ စက်မှုဇုန်နှင့် SME များမှ တစ်ဆင့် ပိုမိုအဆင့်မြင့်သော ရာဘာထုတ်ကုန်များ ထွက်ရှိရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကူညီပေးနိုင်မည့် အစီအစဉ်တို့ကို အသေးစိတ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။
   
 
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အသစ်ဖော်ထုတ်လျက်ရှိသော Eco. Industrial Park သို့ရောက်ရှိလာပြီး အခြေခံအဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ပါဝင်ပူးပေါင်းကြမည့် ပုဂ္ဂလိကလုပ်ငန်းများ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အထည်ချုပ်လုပ်ငန်းများ စတင်တော့မည့် အဆောက်အဦနှင့် အသစ်ထပ်မံတိုးချဲ့မည့် PPP လုပ်ငန်းများအတွက် မြေနေရာများကို ထပ်မံဖော်ထုတ်ရန်မှာကြားသည်။ ထို့နောက် နော်ဝေနိုင်ငံ၊ EAM ကုမ္ပဏီမှ (၂၈.၆)မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ အမြန်ဆုံးစတင် တည်ဆောက်ရန်နှင့် ဇုန်အတွင်း စက်မှုလုပ်ငန်းများအလွယ်တကူ လာရောက်လုပ်ကိုင်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် ကိစ္စရပ်များကို ညှိနှိုင်းပေးခဲ့ပါသည်။
‌    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘီးလင်းမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနနှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် စက်မှုသုံး  အရက်ပြန်စက်ရုံသို့ ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် စက်မှုအရက်ပြန် ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် ဒါရိုက်တာမှ လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ Online မှ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စောင့်ကြည့်စစ်ဆေးသည့်စနစ် (Online Monitoring System) တပ်ဆင်ထားမှုနှင့် နိုင်ငံတော်မှ သတ်မှတ်ချက်များနှင့်အညီ Waste Treatment System တပ်ဆင်ထားရှိမှုအခြေအနေတို့ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက် စစ်ဆေးရမည့်နေရာ (Check Point) များ သတ်မှတ်ပြီး ပုံမှန်စစ်ဆေးရန်နှင့် စစ်ဆေးမှုမှတ်တမ်းများကို စနစ်တကျ မှတ်တမ်းထားရှိရန်၊ စက်ရုံဓါတ်ခွဲခန်းအပြင် Third Party ဖြင့်လည်း ပုံမှန်စစ်ဆေးစေပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုမရှိအောင် အလေးပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် စက်မှုဝန်ကြီးဌာနနှင့် အောင်ထက်မြက်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဘီးလင်းတာယာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ထုတ်ကုန်အသစ်အဖြစ် မော်တော်ဆိုင်ကယ်တာယာများ တိုးမြှင့်ထုတ်လုပ်နေမှုနှင့် အရည်အသွေးစစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ဝင်တာယာ အမျိုးအစားအသစ်များ တိုးချဲ့ထုတ်လုပ်ရေး၊ စံချိန်စံညွှန်း ကိုက်ညီပြီး အန္တရာယ်ကင်းရှင်းရေးတို့ကို အစဉ်ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ နှင့် အနီးပတ်ဝန်းကျင်အတွက် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။
  

Latest News