စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ် (၁၅)စီးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ မေ (၁၇)
 
     စက်မှုဝန်ကြီးဌာန၊ အမှတ်(၁၅)အကြီးစားစက်ရုံတွင် တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ်(၁၅)စီးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅)အကြီးစားစက်ရုံတွင် ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် ဇနီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ ဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်အတည်ပြုရေးအဖွဲ့ (CAAM) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
      အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သော လူနာတင်ယာဉ်များကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်းကပင် စီမံချက်ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ လူနာတင်ယာဉ်အဖြစ် အသုံးပြုမည့် မော်တော်ယာဉ်နှင့် ယာဉ်တွင် တပ်ဆင်အသုံးပြုမည့် Medical Equipments နှင့် ဆက်စပ်ပစ္စည်းများကို ပွင့်လင်းမြင်သာစွာဖြင့် တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အရေးပေါ်ကုသရေး ဆေးပညာဌာန(Emergency Medical Service)မှ ကျွမ်းကျင်ပညာရှင်များနှင့်အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီမည့် အသင့်တော်ဆုံး ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သော လူနာတင်ယာဉ်များကို ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် လူနာတင်ယာဉ် အရည်အသွေးသတ်မှတ်ရေးအဖွဲ့နှင့် စစ်ဆေးအတည်ပြုရေးအဖွဲ့တို့ကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည့် လူနာတင်ယာဉ်(၁၅)စီးကိုလည်း မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်အတည်ပြုရေးအဖွဲ့မှ စစ်ဆေးအတည်ပြုပေးပြီးဖြစ်ကြောင်း၊ မကြာမီ လူနာတင်ယာဉ်(၄၀)စီးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆက်လက် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ လူနာတင်ယာဉ် တပ်ဆင်ထုတ်လုပ်ရာတွင် အကောင်းဆုံးဖြစ်စေရန်အတွက် စိတ်ရှည်ဇွဲရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် ပုဂ္ဂလိကမှ အကျိုးတူပူးပေါင်းဆောင်ရွက်သူ Myanmar Treasure Company မှ ဝန်ထမ်းများအားလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
       ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura မှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လယ်ယာကဏ္ဍ၊ မော်တော်ယာဉ်၊ အထည်အလိပ်နှင့် SME ကဏ္ဍများတွင် ငွေကြေးနှင့် နည်းပညာများ ဆက်လက်ကူညီ ထောက်ပံ့ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုးမှ မြန်မာနိုင်ငံတွင် လူနာတင်ယာဉ်များ တင်သွင်းမှု နှင့် တပ်ဆင်ထုတ်လုပ်မှုများအတွက် လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်အတည်ပြုရေးကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
     ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးမှ နိုင်ငံတကာအဆင့်မီ လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံရှိ Bulldozer ထုတ်လုပ်သော Assembly Line တွင် စက်ပစ္စည်းများအား မွမ်းမံဖန်တီး၍ ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်မလိုဘဲ အဆင့်မြှင့်တင်နိုင်ခဲ့မှုများ၊ လူနာတင်ယာဉ်အမျိုးမျိုး ဆက်လက်ထုတ်လုပ်မည့် အစီအမံများနှင့် စက်ရုံရှိ စက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
    အစီအစဉ်အရ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ လူနာတင်ယာဉ် (၁၅)စီးနှင့် စာရွက်စာတမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် လွှဲပြောင်းပေးအပ်မည့် လူနာတင်ယာဉ်များနှင့် တပ်ဆင်ထုတ်လုပ်ဆဲ လူနာတင်ယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
      စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူနာတင်ယာဉ်များမှာ နိုင်ငံတကာအဆင့်မီ Standard Type အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် မြန်မာကျပ်ငွေ သိန်း(၇၄၀)ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် အတွင်းစက်ပစ္စည်းများအတွက် (၁)နှစ်အာမခံပေးထားကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ Basic Type နှင့် Advance Type အမျိုးအစားများကိုလည်း ဆက်လက်ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူနာတင်ယာဉ် အရည်အသွေး သတ်မှတ်အတည်ပြုရေးအဖွဲ့ (CAAM) အဖွဲ့မှလည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ်များနှင့်အတူ ပြည်ပမှ တင်သွင်းလာသော လူနာတင်ယာဉ်များ ကိုလည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Latest News