အိန္ဒိယသမ္မတနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် “စက်မှုသင်တန်းကျောင်းသစ်များနှင့် အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) အဆင့်မြှင့်တင်ခြင်း” စီမံကိန်းများဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီးစီး

     အိန္ဒိယသမ္မတနိုင်ငံအကူအညီဖြင့်ဆောင်ရွက်မည့် “စက်မှုသင်တန်းကျောင်း (မုံရွာ)၊ စက်မှုသင်တန်းကျောင်း (သထုံ) နှင့် အမှတ် (၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ) (၅) နှစ်ဘက်စုံပြုပြင်ထိန်းသိမ်းရေး” စီမံကိန်းတို့ ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာများ (MoUs) နှင့် အပြန်အလှန်သဘောတူညီချက်များ (Exchange of Letters) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၁၁.၅.၂၀၁၈) ရက်နေ့ (သောကြာနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E Smt. Sushma Swaraj တို့၏ရှေ့မှောက်တွင်  စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vikram Misri တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ 
     အဆိုပါစက်မှုသင်တန်းကျောင်းများတွင် စက်မှုဆိုင်ရာဘာသာရပ်များအား စာတွေ့ (၃၀%) ၊ လက်တွေ့ (၇၀%) ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး စက်မှုသင်တန်းကျောင်း (မုံရွာ) တွင် ဘာသာရပ် (၁၀) ခုဖြင့် လည်းကောင်း၊ စက်မှုသင်တန်းကျောင်း (သထုံ)တွင် ဘာသာရပ် (၆) ခုဖြင့်လည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကျောင်းဆိုင်ရာစီမံကိန်းများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Latest News