Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကျောက်ဆည် စက်မှုနယ်မြေရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) တွင် Povidine (အနာကျက်ဆေးရည်) ထုတ်လုပ်မှု အဆောက်အဦ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ် (၂၀)
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှုနယ်မြေရှိ စက်မှုဝန်ကြီးဌာနမှ International Glass Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ် (၃၆)အကြီးစားစက်ရုံသို့ ရောက်ရှိပြီး မှန်ရည်ကျိုမီးဖိုပြုပြင်နေမှုနှင့် ယခင်က (၆) လက်မ အကျယ်သာ ထုတ်လုပ်နိုင်သဖြင့် (၁၂)လက်မအကျယ် မှန်အထူ/အပါး အမျိုးမျိုး ထုတ်လုပ်နိုင်ရေးအတွက် အကြီးစားပြုပြင်မွမ်းမံနေမှု အခြေအနေ၊ Colour Coated မှန်များ ထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန်၊ မှန်မီးဖိုအတွင်းမှ မှန်များ ရှင်းလင်းဖယ်ရှားနေမှု အခြေအနေနှင့် မှန်မျက်နှာပြင်အကျယ်တိုးချဲ့ရန် ဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ် မှတ်တမ်းထားရှိရန်၊ လုပ်ငန်းတာဝန်များ အချိန်မီ ပြီးစီးရေးအတွက် Action Plan ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
၂၀၁၈ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) တွင် ကျင်းပ ပြုလုပ်သည့် Povidine (အနာကျက်ဆေးရည်) အဆောက်အဦဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
  
      ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူး၊ ဆေးဝါးစက်ရုံ (အင်ရောင်း) နှင့် ဆေးဝါးရတနာကုမ္ပဏီလိမိတက်မှ မန်နေဂျင်းဒါရိုက်တာတို့က Povidine (အနာကျက် ဆေးရည်) အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် Povidine (အနာကျက်ဆေးရည်) ထုတ်လုပ်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
     ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ ဆေးဝါးရတနာကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာမှ Povidine (အနာကျက်ဆေးရည်) အား စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေ၊ Povidine (အနာကျက်ဆေးရည်) အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်နှင့် ရှေ့ဆက် လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်မှ ပြည်တွင်းတွင် အစိုးရနှင့် ပုဂ္ဂလိကဆေးဝါးလုပ်ငန်း တို့မှ ဆေးဝါးထုတ်လုပ်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ Povidine (အနာကျက်ဆေးရည်) အား အမြန်ဆုံး အကောင်အထည်ဖော် ထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိမှတ်ပြုထားသော Guideline များနှင့်အညီ တိတိကျကျ လိုက်နာရန်လိုကြောင်း၊ တရားဝင်အသိမှတ်ပြုလက်မှတ် Certificate များရရှိရေးနှင့် သတ်မှတ် စံနှုန်းများအတိုင်း အရည်အသွေးကောင်းမွန်မှု ရှိ/ မရှိကို အမြဲမပြတ် စစ်ဆေးရန်နှင့် မှတ်တမ်းထားရှိရမည်ဖြစ်ကြောင်း၊ BPI ဆေးဝါးများ၏ အရည်အသွေးကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း၊ ဆေးဝါးလိုအပ်ချက်ကိုအခြေခံ၍ နှစ်အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရန်နှင့် သုံးစွဲသူများ ဆွဲဆောင်မှုရှိမည့် ထုပ်ပိုးမှုပုံစံများဖြင့် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
       ဆေးဝါးစက်ရုံ (အင်ရောင်း) အနေဖြင့် ဆေးထိုးအပ်၊ ဆေးရည်၊ ဆေးမှုန့်နှင့် ဆေးအမျိုးအစားပေါင်း (၃၆) မျိုး ထုတ်လုပ်လျက်ရှိပြီး ယခုစတင်ထုတ်လုပ်မည့် Povidine (အနာကျက်ဆေးရည်) များကို ဈေးကွက်အတွင်းသို့ ဧပြီလတွင် စတင်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်သည်။ အဆိုပါ Povidine (အနာကျက်ဆေးရည်) များကို တစ်နှစ်လျှင် 15 ml ဗူး (၁) သန်းနှင့် 500 ml ဗူး (၁) သိန်း ထုတ်လုပ်သွားမည်ဖြစ်သည်။
    ဆက်လက်၍ သွေးကြောသွင်းဆေးရည် Large Volume Parenteral Solution Production Plant တည်ဆောက်နေမှုနှင့် စက်ပစ္စည်းများတပ်ဆင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်သည့်ဆေးများ ရေရှည်ထုတ်လုပ်နိုင်ရေးအတွက် အသုံးပြုမည့်စက်ပစ္စည်းများသည် သတ်မှတ်စံနှုန်းများ နှင့် ကိုက်ညီရန် လိုအပ်မည့်အပြင် စက်ပစ္စည်းများ တည်ဆောက်တပ်ဆင်ရာတွင်လည်း မူလဒီဇိုင်းပါအတိုင်း အစီအစဉ်တကျ တပ်ဆင်တည်ဆောက်သွားရန်နှင့် စက်ကိုင်တွယ် အသုံးပြုမည့် Operator များအား လေ့ကျင့်သင်ကြားမည့် အစီအမံများ ကြိုတင်ရေးဆွဲထားရန် လမ်းညွှန်မှာကြားခဲ့သည်။
  
      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) သို့ရောက်ရှိပြီး စက်ရုံအတွင်း စတီးခုံတန်းရှည်များ၊ စတီးမတ်ခွက်များ၊ ဆေးရုံသုံး စတီး ကုတင်နှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ ထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံသုံးစတီးပစ္စည်းများကို Medical Grade နှင့်အညီ အရည် အသွေးကောင်းမွန်စွာထုတ်လုပ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ ဈေးကွက်လိုအပ်ချက်ရှိသော ထုတ်ကုန် အမယ်သစ်များ တိုးချဲ့ထုတ်လုပ် နိုင်ရေးအတွက် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဈေးကွက်သုတေသန Market Research တို့ကို စီမံချက်ရေးဆွဲပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News