Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် Great Myanmar Co., Ltd. မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တည်ဆောက် တပ်ဆင်မည့် သီးနှံ (စပါး) သိုလှောင် Silo ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ (၈)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၈.၂.၂၀၁၈) ရက် နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)တွင် ကျင်းပပြုလုပ်သည့် Great Myanmar Co., Ltd. မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တည်ဆောက်တပ်ဆင်ရန်အတွက် သီးနှံ (စပါး) သိုလှောင် Silo ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ မိမိတို့အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝှမ်း အကြားအလပ်မရှိ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရသာမက ပြည်သူလူထုနှင့် ပုဂ္ဂလိကမှ ပူးပေါင်းပါဝင်မှုသည်လည်း အလွန်ပင်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှလည်း ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပံ့ပိုးပေးရန် ဖိတ်ခေါ်လမ်းဖွင့်ထားပါကြောင်း၊ ယခုလို ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တည်ဆောက် တပ်ဆင်အသုံးပြုရန်အတွက် တန် (၂၅၀)ဆံ့ သီးနှံ (စပါး) သိုလှောင် Silo တစ်လုံး ပေးအပ်လှူဒါန်းသည့် Great Myanmar Co., Ltd. အား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင်လည်း ဆက်လက် ပံ့ပိုးကူညီပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ Great Myanmar Co., Ltd. ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အနာဂတ်တွင်လည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
     ထို့နောက် Great Myanmar Co., Ltd. ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းမှ သီးနှံ (စပါး) သိုလှောင် Silo တည်ဆောက်တပ်ဆင်ခြင်း အတွက် ကုန်ကျစရိတ် ကျပ်(၁၈၆၅)သိန်းကို ပေးအပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
     Great Myanmar Co., Ltd. မှလှူဒါန်းသော တန် (၂၅၀)ဆံ့ သီးနှံ (စပါး) သိုလှောင် Silo ကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၁၅)အကြီးစားစက်ရုံ (သာဂရ)တွင် ထိုင်းနိုင်ငံမှ ပညာရှင်များဖြင့် ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး Silo တစ်လုံး၏ တည်ဆောက် တပ်ဆင်စရိတ်မှာ ကျပ် (၁၈၆၅)သိန်းဖြစ်ကြောင်းနှင့် အဆိုပါ Silo အား မကြာမီ အချိန်တွင် မောင်တောဒေသသို့ သွားရောက်တပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ အလားတူပင် ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ Silo တပ်ဆင်ရန် လိုအပ်သော အခြားနေရာဒေသများ အတွက်လည်း လိုအပ်ချက်အလိုက် Silo အမျိုးမျိုးကို ဆက်လက်ထုတ်လုပ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
     အဆိုပါ အခမ်းအနားသို့ Great Myanmar Co., Ltd. မှ တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News