စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသာဂရစက်မှုနယ်မြေရှိစက်ရုံများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၃)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဖေဖော်ဝါရီလ(၃)ရက် နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅)အကြီးစားစက်ရုံသို့ရောက်ရှိပြီး Assembly Shop တွင် ကျန်းမာရေးဝန်ကြီးဌာန အတွက် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် အသင့်ပြင်ဆင်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်နှင့်အညီ အရည်သွေးတိကျစွာ ထုတ်လုပ်နိုင်ရေးကို မှာကြားသည်။ ထို့နောက် Silo ထုတ်လုပ်ရေးအလုပ်ရုံသို့သွားရောက်ပြီး ဆန်းသစ်တီထွင်မှုပြုလုပ်ရာတွင် ဒီဇိုင်းသည် အရေးကြီးကြောင်း၊ တီထွင်မှုတိုင်းအတွက် Design Drawing ရှိရန်လိုကြောင်း၊ Siloများအား နိုင်ငံတကာအဆင့်မီ လက်ရာသေသပ် ကောင်းမွန်အောင် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ အမှတ်(၂၆)အကြီးစားစက်ရုံသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ မြစ်ချောင်းများ၏ ရေစီးကြောင်းတွင် တိုက်ရိုက်နေရာချ၍ လျှပ်စစ်ဓါတ်အားထုတ်ယူ အသုံးပြုနိုင်သည့် တာဘိုင်များ စမ်းသပ်ထုတ်လုပ်နေသည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်ပညာရှင်များ၏ သင်ကြားလေ့ကျင့်ပေးမှုများကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီးမိမိတို့ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုထုတ်လုပ်ထားရှိသည့် တာဘိုင်အားအမြန်ဆုံး လက်တွေ့ စမ်းသပ်နိုင်ရေး ဆောင်ရွက်ရန် နှင့် အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တီထွင် ဆန်းသစ်မှုများ ပြုလုပ်နိုင်ရေးအတွက် အမြဲမပြတ် လေ့လာသင်ယူနေရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Design မှတ်တမ်းများထားရှိရန်လိုကြောင်းလမ်းညွှန်မှာကြားသည်။
     အမှတ်(၂၆)အကြီးစားစက်ရုံတွင် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကိုတစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ Generator, Controller/ Inverter,Turbineများကိုပါတပြိုင်နက်တည်းထုတ်လုပ်သွားမည်ဖြစ်သည်။ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက ဝန်ထမ်းများအားစာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ စက်ရုံမှထုတ်လုပ်မည့် Coreless Generator, Controller/ Inverter, Turbine များကို ပြည်တွင်းသာမက ပြည်ပသို့လည်းတင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News