စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆေးဝါးစက်ရုံ(အင်းစိန်) ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ  ၂၇ ရက်
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၇-၁-၂၀၁၈ ရက်နေ့က ကြို့ကုန်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI တို့ရောက်ရှိလာရာ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်နှင့် စက်ရုံမှူးတို့က ဆေးဝါးစက်ရုံ(အင်းစိန်)၏ ကုန်ထုတ်လုပ်မှု တိုးမြှင့်ထားမှုအခြေအနေ၊ ဝန်ထမ်းများအခြေအနေ၊ ဆေးဝါးအမည်သစ်များ တီထွင်ထုတ်လုပ်နိုင်မှု အခြေအနေ၊ ဝန်ထမ်းများ သက်သာချောင်ချိရေး ဆောင်ရွက်ထားမှု အခြေအနေတို့အား တင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ ဆေးပြား၊ ဆေးတောင့် ထုတ်လုပ်နေမှုများ၊ ပဋိဇီဝဆေးများ ထုတ်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူလူထုမှ ယုံကြည်စွာ အားပေးလျက်ရှိသည့်အတွက် အရည်အသွေး ဆက်လက်ထိန်သိမ်း၍ GMP Guide Line နှင့်အညီ ထုတ်လုပ်ကြရန်၊ဈေးကွက်လိုအပ်ချက်ရှိသောဆေးဝါးများကို တိုးမြှင့်ထုတ်လုပ်သွားရန်၊ ဈေးကွက်တွင် BPI ဆေးဝါးများပြတ်လတ်မှုမရှိစေရေး စီမံဆောင်ရွက်သွားရန်၊ နိုင်ငံတကာအဆင့်မီ ခေတ်မီစက်များအား စနစ်တကျကိုင်တွယ်နိုင်ရေးနှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီမံ ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ဆေးဝါးလုပ်ငန်း၊ သုတေသနဌာနသို့ ရောက်ရှိပြီး ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညွှန်ကြားခဲ့သည်။
   ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် BPI ဆေးဝါးများကို GMP Guide Line နှင့်ညီစေရန် အတွက် ခေတ်မီဆေးဝါးထုတ်လုပ်မှု အဆောက်အဦများ တည်ထောင်ပြီး လျာထားချက်ထက် ဆေးဝါးစက်ရုံ(အင်းစိန်)မှ တိုးမြှင့်ထုတ်လုပ်လျက်ရှိသည်။ BPI အမှတ်တံဆိပ်ဖြင့် ဆေးဝါးများအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တန်ဖိုး(၅၀)ဘီလီယံကျပ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အရောင်းကိုယ်စားလှယ်များထံသို့ ရောင်းချဖြန့်ဖြူးပေးလျက်ရှိပြီး အများပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရန် City Mart , Orange , Capital စသော Super Market များ စုစုပေါင်း(၂၃)ဆိုင်တွင် ရောင်းချပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသော မြို့ကြီးများနှင့် ပြည်နယ်နှင့်တိုင်း မြို့ကြီးများတွင်လည်း BPI ဆေးဝါးအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
     ၄င်းအပြင် BPI ဆေးဝါးများအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ အတုအပမပြုလုပ်နိုင်ရန် ထုပ်ပိုးမှုဆိုင်ရာများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီထုပ်ပိုးမှုပုံစံဖြစ်စေရေး၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား EoI ဖိတ်ခေါ်၍ ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
     ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို ဒေသတွင်းနိုင်ငံများသို့ တင်ပို့ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပထမအသုတ်အဖြစ် တင်ပို့ရောင်းချထားပြီးဖြစ်ကြောင်း သိရှိရသည်။
  

Latest News