Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဒုတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၂၈)

     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

     အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်၏ ပထမတစ်နှစ်တာကာလအတွင်းတွင် အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ ယခုလို အောင်မြင်မှုရရှိခဲ့ခြင်းသည် ဝန်ထမ်းများအားလုံး၏ ပူးပေါင်းကြိုးစားဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ယခုဒုတိယနှစ်တွင် အရှုံးဖြစ်ပေါ်နေသည့် စက်ရုံ/အလုပ်ရုံများကို နိုင်ငံတော်မှ ပြန်လည်စိစစ် သုံးသပ်နေပြီး မကြာမီဆက်လက်ဆောင်ရွက်ရမည့် အစီအမံများ ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိပေါ် မူတည်၍ မိမိတို့လက်ဝယ်ရှိပြီးဖြစ်သော သက်ရှိသက်မဲ့အရင်းအမြစ်များကိုအသုံးပြု၍ အကျိုးရှိအထိရောက်ဆုံးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်မဝင်အကျိုးမများသော ထုတ်ကုန်များ ထုတ်လုပ်နေမှုကို ရပ်ဆိုင်းပြီး ဈေးကွက်ဝင်အကျိုးအမြတ်ရှိမည့် ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် မိမိထုတ်ကုန်များကို ဈေးကွက်အတွင်း ထိုးဖောက်ရောင်းချနိုင်မှသာ ဆက်လက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်သုတေသနလုပ်ငန်းများကို အမြဲတစေဆောင်ရွက်ပြီး ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံပိုင် စက်ရုံ/အလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ဖက်စပ် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ စက်ရုံ/အလုပ်ရုံ များကို ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းများကို လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများမှ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများကို မှန်မှန်ကန်ကန်ရွေးချယ်ရန်နှင့် သမာသမတ်ကျစွာ အဂတိတရားကင်းရှင်းရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေရှိမည့် မူဝါဒများ ချမှတ်ရန်လိုကြောင်း၊ ချမှတ်သည့် မူဝါဒများကို ရည်မှန်းချက်ပြည့်မီသည်အထိ လက်တွေ့လိုက်နာ အကောင်အထည်ဖော်နိုင်ရမည်ဖြစ်ကြောင်း၊ SME များ ဖွံ့ဖြိုး တိုးတက်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်အသစ်များနှင့် အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ SME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ညှိနှိုင်းအစည်းအဝေးတွင် ပြီးခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီးနောက် ယခုဘဏ္ဍာနှစ်၌ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးရှိမည့် ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆ၍ လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်အရည်အသွေး တိုးတက်အောင်၊ ထုတ်လုပ်မှု တိုးတက် အောင် ဖန်တီးတီထွင်နိုင်သည့် ဝန်ထမ်းများကို အားပေးချီးမြှင့်ရမည်ဖြစ်ကြောင်း၊ ရှေးရိုးစွဲဖြင့် သမားရိုးကျဆောင်ရွက်နေ၍မရဘဲ တီထွင်ဆန်းသစ်မှုများဖြင့် ထုတ်ကုန်ပစ္စည်း အရည်အသွေးနှင့်စွမ်းဆောင်ရည် တိုးတက်အောင် အစဉ်အမြဲ ကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နည်းပညာသစ်များ ရရှိပိုင်ဆိုင်ပြီး ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာသစ်များ ရရှိပိုင်ဆိုင်ရေး ခေတ်ရှေ့ပြေး နည်းပညာမြင့်သော ပြည်ပနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှလည်း သုတေသနဖွံ့ဖြိုးရေး ရန်ပုံငွေများကို နှစ်စဉ်တိုးမြင့်ပေးမည်ဖြစ်ကြောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အောင်မြင်မှုသည် လတ်တလော ရေတိုလက်ငင်းရရှိရန် မဖြစ်နိုင်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပေးနိုင်မှာ အသေချာပင် ဖြစ်ပါကြောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကဏ္ဍအားလုံးကို တစ်ပြိုင်တည်း ဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးတကြီး လိုအပ်နေသည့်ကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ရိုးရိုးသားသား ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြားဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်အရ မိမိထုတ်ကုန်များကို ဈေးကွက်ဝင် ခေတ်မီဒီဇိုင်းအသစ်များဖြင့် တီထွင်ဖန်တီး ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ငွေကြေးသုံးစွဲရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ စိတ်ပျော်ရွှင်မှသာ လုပ်ငန်းများ အောင်မြင်မည်ဖြစ်၍ မိသားစုကဲ့သို့ သဘောထား ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးစား အားထုတ်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမြဲမပြတ် လေ့လာသင်ယူနေရန်လိုကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပျော်ပျော်ရွှင်ရွှင်ဖြင့် နှစ်သစ်ကို ကြိုဆိုပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

   ဆက်လက်၍ စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ရေး အစီအစဉ်အရ စက်မှု ထုတ်ကုန်ပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စက်မှုသင်တန်းကျောင်းများမှ ကျွမ်းကျင်လုပ်သားများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်သော လုပ်သားကောင်းများအဖြစ် မွေးထုတ်ပေးလျက်ရှိသည့် အခြေအနေနှင့် တိုးချဲ့ဖွင့်လှစ်မည့် သင်တန်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ စက်ရုံ/အလုပ်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရန်နှင့် ဘေးအန္တရယ်ကင်းရှင်းရေးအတွက် စက်မှုလုပ်ငန်းများအား စစ်ဆေးနေမှုအခြေအနေ၊ ဘွိုင်လာနှင့်လျှပ်စစ်စစ်ဆေးမှုအခြေအနေနှင့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စက်ရုံ/အလုပ်ရုံများမှ စက်ရုံမှူးများက ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလည်ပတ် ဆောင်ရွက်ခဲ့သည့်အခြအနေနှင့် ယခုဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်း ကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးများက လုပ်ငန်းတစ်ခုချင်းစီအလိုက် စီးပွားရေးအရ အရှုံး/အမြတ်အခြေအနေ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် အခြေအနေအရပ်ရပ်တို့ကို သုံးသပ်တင်ပြဆွေးနွေးခဲ့ကြသည်။

    လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စက်ရုံမှူး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးကို (၂၉.၁၂.၂၀၁၇)ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Latest News