Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ) အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ (၁၉)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည် (၁၈.၁၂.၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ) သို့ရောက်ရှိပြီး Assembly Shop တွင် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
     လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဒေါက်တာမြင့်ထွေးတို့မှ လူနာတင်ယာဉ်များအား နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်နှင့် လက်ရာသေသပ်စေရေးနှင့် ကျန်းမာရေးလိုအပ်ချက်နှင့် ကိုက်ညီစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ပြည်တွင်း/ပြည်ပပညာရှင်များ၏ လက်တွေ့သရုပ်ပြတပ်ဆင်နေမှုများကို စနစ်တကျ လေ့လာမှတ်သားပြီး မိမိတို့ကိုယ်တိုင် တပ်ဆင်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ CAAS Ambulance Vehicle Standard နှင့်အညီ အရည်အသွေးပြည့်မီသော လူနာတင်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် စနစ်တကျ Standard Operating Procedure (SOP) ချမှတ်၍ Check List နှင့် တသွေမတိမ်း တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
      ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်လျက်ရှိသော ပဋိဇီဝဆေးများကိုလည်း ပိုမိုထုတ်လုပ် ပေးနိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနအတွက် လိုအပ်လျက်ရှိသော အုပ်ချုပ်မှုသုံးယာဉ်များ ထုတ်လုပ်ပေးနိုင်ရေး၊ ဆေးရုံသုံး စတီးလ်အသုံးအဆောင်ပစ္စည်းများကို ပြည်တွင်း၌ အရည်အသွေးမီ ထုတ်လုပ်ပေးနိုင်ရေးနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို တစ်ပါတည်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် သာဂရရှိ အမှတ် (၁၅) အကြီးစားစက်ရုံနှင့် အမှတ် (၂၆) အကြီးစားစက်ရုံတို့တွင် ရခိုင်ပြည်နယ်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးအပ်လှူဒါန်းမည့် တန် (၅၀ဝ) ဆံ့ သီးနှံ (စပါး) သိုလှောင်ရုံ (Silo) များကို ထိုင်းပညာရှင်များနှင့် ပူးပေါင်းထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရန် စီမံပေးခဲ့ပါသည်။

Latest News