Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅) အကြီးစားစက်ရုံအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ (၁၆)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေ ရှိ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ) သို့ရောက်ရှိပြီး Metal Forming Workshop အတွင်း၌ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတွင် တည်ဆောက်လှူဒါန်းနိုင်ရန်အတွက် တန် (၅၀ဝ) ဆန့် သီးနှံ (စပါး) များ သိုလှောင် နိုင်မည့် Silo များ ထုတ်လုပ်နေမှုအခြေအနေနှင့် Assembly Workshop တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မှာယူထားသည့် လူနာတင်ယာဉ်များ တပ်ဆင် ထုတ်လုပ်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သီးနှံများသိုလှောင်မည့် Silo များအား နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်နှင့် လက်ရာသေသပ် စေရေးအတွက် အထူး အလေးပေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း/ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏ လေ့ကျင့်သင်ကြားပေးမှုများကို တိကျစွာ လိုက်နာဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရန် နှင့် ဆင့်ပွားသင်တန်း များပေးရန်လိုကြောင်း၊ လုပ်ငန်းများကို Time Line Schedule ရေးဆွဲဆောင်ရွက်ရန်နှင့် Standard Operation Production (SOP) အတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် မှတ်တမ်းထားရှိရန် လိုကြောင်း၊ လူနာတင်ယာဉ်များသည် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေး အတွက် အရည်အသွေး ကောင်းမွန်ရမည့်အပြင် လက်ရာသေသပ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်ပြည့်မီ၍ ရေရှည်အသုံးပြုနိုင်ရန် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စေတနာထား၍ တက်တက် ကြွကြွဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ပြီးမြောက် အောင်မြင် စေရန် စည်းစည်းလုံးလုံးဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်သည့် အဆင့်တိုင်းတွင် Check List များ ထားရှိရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး တာဝန်ရှိသူတို့၏တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် စိုက်ပျိုးထားသော စပါး များကို ရာသီချိန်အမီ ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ထွက်ရှိလာသည့်စပါးများကို အခြောက်ခံ ထားရှိသိုလှောင်ထိန်းသိမ်းထားနိုင်ရန်အတွက် တန်ချိန် (၅၀ဝ) ဝင်ဆန့်သည့် Silo (၁) စုံအား တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ Silo (၁) စုံအား ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတွင် တည်ဆောက် တပ်ဆင် ပေးမည်ဖြစ်ပြီး Silo ကိုင်တွယ် ထိန်းသိမ်းနည်းများကိုလည်း လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ် သည်။ Silo (၁) လုံး ၏ တန်ဖိုးမှာ ကျပ် (၁,၈၆၅) သိန်း ကုန်ကျမည်ဖြစ်သည်။ အဆိုပါ Silo များကို ထိုင်းနိုင်ငံမှ ပညာရှင်များဖြင့် ပူးပေါင်းတည်ဆောက်နေပြီး မြန်မာပြည် အနှံ့ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်လျက်ရှိပါသည်။

Latest News