Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သာဂရစက်မှုနယ်မြေရှိ စက်ရုံများနှင့် စက်မှုသင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ (၂)
       စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေရှိ အမှတ်(၁၅)အကြီးစားစက်ရုံ (သာဂရ)သို့ရောက်ရှိပြီး Metal Forming Workshop အတွင်း၌ သီးနှံများ သိုလှောင်ရန်အတွက် Silo များ ထုတ်လုပ်မည့်အခြေအနေ၊ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေ၊ Machine Process Workshop နှင့် Assembly Workshop တွင် လူနာတင်ယာဉ်များ ထုတ်လုပ်တပ်ဆင်မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများအား အမြဲတစေ ကောင်းမွန်နေစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စက်ရုံမှ ထုတ်လုပ်တပ်ဆင်မည့် လူနာတင်ယာဉ်များသည် ဈေးကွက်အတွင်း ယှဉ်ပြိုင် ရောင်းချနိုင်ရမည်ဖြစ်သဖြင့် အရည်အသွေး ကောင်းမွန်ရမည့်အပြင် လက်ရာသေသပ်ပြီး ရေရှည်အသုံးပြုနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စေတနာထား၍ တက်တက်ကြွကြွ ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရန် စည်းစည်းလုံးလုံးဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်အတွက် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များလာရောက်၍ လက်တွေ့သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် ရေရှည်တွင် ဖန်တီးထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၂၆) အကြီးစားစက်ရုံ (သာဂရ)သို့ ရောက်ရှိပြီး မြစ်ချောင်းများ၏ ရေစီးကြောင်းတွင် တိုက်ရိုက်နေရာချ၍ အသုံးပြုနိုင်သည့် တာဘိုင်ငယ်များ စမ်းသပ်ထုတ်လုပ်နေသည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)သို့ ရောက်ရှိပြီး Testing Shop တွင် အင်ဂျင်များအား လောင်စာဆီ သက်သာစေရန်နှင့် စွမ်းရည်ပြည့်မီရန် စမ်းသပ်လျက်ရှိသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စမ်းသပ်လည်ပတ်သည့် အင်ဂျင်များ၏ အချက်အလက်များကို အခြေခံ၍ လက်တွေ့ အောင်မြင်အောင် ဆောင်ရွက်နိုင်သည်အထိ လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)သို့ရောက်ရှိပြီး သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား အခြေခံနည်းစနစ် ကျွမ်းကျင်မှုရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ ပစ္စည်းများအား တီထွင်ဆန်းသစ်၍ ထုတ်လုပ်မည်ဆိုပါက အခြေခံကျသည့် ဒီဇိုင်းကောင်းရန်အရေးကြီးပါကြောင်း၊ လုပ်ငန်းခွင်တွင် အမှန်တကယ် ပြန်လည်အသုံးချနိုင်သည့် ဘာသာရပ်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်ရိုး ညွှန်းတမ်းများကို ခေတ်နှင့်အညီ Upgrade ပြုလုပ်ပေးရန်လိုကြောင်း၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ အနေဖြင့် သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးနေသလို တစ်ဖက်ကလည်း မိမိတို့၏ အရည်အသွေး ပိုမိုတိုးတက်စေရေးအတွက် အစဉ်အမြဲ လေ့လာသင်ယူနေရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်တတ်မြောက်မှု ရှိစေရန် စဉ်ဆက်မပြတ် လေ့လာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Latest News