Burmese

စက်မှုဝန်ကြီးဌာနမှ အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိပြီး အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံခြင်းကို Mobile အဖွဲ့ဖြင့် လိုက်လံဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ (၂၃)
     စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)တွင် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးများအား ထုတ်လုပ်ပေးလျက်ရှိပြီး အသည်းရောင် အသားဝါ(ဘီ)ပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို Mobile အဖွဲ့ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ နေပြည်တော် ရုံးဌာနအသီးသီးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးများ ထိုးပေးလျက်ရှိပါသည်။
      ၂၁.၁၁.၂၀၁၇ ရက်နေ့တွင် လွှတ်တော်အသီးသီးမှ (၃၄၃)ဦး၊ ၂၂.၁၁.၂၀၁၇ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ (၁၂၅) ဦးနှင့် ၂၃.၁၁.၂၀၁၇ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ (၅၈)ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ (၁၄)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ (၇၆)ဦးတို့ကို အသည်းရောင်အသားဝါ(ဘီ) ပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပြီး ကာကွယ်ဆေးများ ထိုးပေးခဲ့ပါသည်။
     နေပြည်တော်တွင် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ယနေ့အချိန်ထိ (၁၆၄၉)ဦးကို ပထမအကြိမ် ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါသည်။ ကျန်ရှိနေသေးသော ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မိသားစုများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
      အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးထိုးပေးရန် ဖွဲ့စည်းပေးထားသော Mobile အဖွဲ့အနေဖြင့် လူဦးရေ (၁၀ဝ)နှင့်အထက်ဖြစ်ပါက နေရာအရောက် သွားရောက် ထိုးနှံပေးလျက်ရှိပြီး လူဦးရေ(၁၀ဝ)အောက်ဖြစ်ပါကလည်း ခရီးစရိတ်ညှိနှိုင်းပြီး လာရောက် ထိုးနှံပေးလျက်ရှိပါသည်။
     စက်မှုဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများလိုအပ်လျက်ရှိသော ဆေးဝါးအမျိုးမျိုးကို ထုတ်လုပ်ပေးလျက်ရှိသည့်အပြင် စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သော BPI အမှတ်တံဆိပ်ဆေးဝါး များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင်စေရန် မြန်မာနိုင်ငံအနှံ့ ဆေးဝါးအရောင်းဆိုင်များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအချိန်ထိ ဆေးဝါးအရောင်းဆိုင်ပေါင်း (၂၇)ဆိုင်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
     စက်မှုဝန်ကြီးဌာနမှ အသည်းရောင်အသားဝါ(ဘီ) ပိုး ရှိ/မရှိ စစ်ဆေးခြင်းအတွက် တစ်ဦးလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် စစ်ဆေးပေးလျက်ရှိပြီး ဘီပိုးကာကွယ်ဆေးထိုးခြင်း (၄)ကြိမ်စလုံးအတွက် လူကြီးတစ်ဦးလျှင် ၂၄,၈၀ဝ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၁၆,၄၀ဝ ကျပ်နှုန်းဖြင့် အဖိုးနှုန်းချိုသာစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

Latest News