Burmese

SME ချေးငွေများကို လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးနိုင်တော့မည်

၁၇-၁၁-၂၀၁၇
     နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည် မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးပေးသည့် ချေးငွေအား ပွင့်လင်းမြင်သာ လွယ်ကူစွာ ချေးယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
    အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ချေးငွေထောက်ပံ့မှုများအပြင် နိုင်ငံတကာမိတ်ဘက် အဖွဲ့အစည်းများထံမှ ချေးငွေများကိုပါ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့သောဘဏ်များမှ ပြန်လည်ပေးဆပ်သည့် လည်ပတ်ငွေများကို (Revolving Fund )မှတစ်ဆင့် လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးလျက်ရှိရာ ၃၀.၉.၂၀၁၇ ရက်နေ့အထိ RF Fund မှလုပ်ငန်းရှင် (၁၀) ဦးသို့ ထုတ်ပေးခဲ့ပြီးဖြစ်၍ စုစုပေါင်းလုပ်ငန်းရှင် (၂၇၉) ဦးသို့ ငွေကျပ် (၅၉,၆၁၅.၂၃၀) သန်းထုတ်ချေးခဲ့ပြီး ဖြစ်ပါကြောင်း။
    SME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ပေးရာတွင် ချေးငွေအမျိုးအစားအပေါ် မူတည်၍ မည်ရွေ့မည်မျှ ချေးမည်ဟူသော သတ်မှတ်ချက်သည် ချေးငွေရယူလိုသည့် လုပ်ငန်းအပေါ် သက်ဆိုင်ရာဘဏ်၏ အကဲဖြတ် သုံးသပ်ချက်နှင့် ဘဏ်၏ မူဝါဒအရ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ JICA Two Step ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဘဏ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် CGI စနစ်ဖြင့် ချေးငွေလျှောက်ထားလိုသူများအား ချေးငွေများလွယ်ကူစွာ ချေးယူနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ SME လုပ်ငန်းရှင်များကို ထောက်ခံချက်ထုတ်ပေးခြင်းနှင့် လုပ်ငန်းအကျိုးအမြတ်ရရှိနိုင်မှု အခြေအနေများ စစ်ဆေး၍ ထောက်ခံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
    လုပ်ငန်းလျင်မြန်မှုရှိစေရေးအတွက် လိုအပ်သည့်အကူအညီများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ SME ချေးငွေနှင့် ပတ်သက်၍ ပြည်သူအများ သိရှိစေရန် သတင်းအချက်အလက်များကိုလည်း မျှဝေပေးလျက် ရှိပါကြောင်း။
     လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအား ဦးစားပေး ထောက်ပံ့ပေးနိုင်ရေးနှင့် အခြား SME လုပ်ငန်းများအား ချေးငွေများကို လွယ်ကူစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ချေးယူနိုင်ရေးတို့အတွက် လိုအပ်သော ငွေကြေးမတည်ပေးခြင်း၊ SME ရန်ပုံငွေများထူထောင်ပေးခြင်း၊ နိုင်ငံတကာ အထောက်အပံ့များရရှိရေး ဆောင်ရွက်ခြင်းစသည်တို့အတွက် SME Fund Management Board (ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့) ဖွဲ့စည်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် SME ချေးငွေများကို လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးနိုင်တော့မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Latest News