Burmese

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မော်ချိုနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့ စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင် သဘာဝအင်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ (၁၃)
      စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၁၁.၁၁.၂၀၁၇ ရက်နေ့ နံနက်ပိုင်းတွင် အစိုးရ-ပုဂ္ဂလိက အကျိုးတူဖက်စပ်လုပ်ကိုင်လျက်ရှိသည့် အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း) ရှိ စိမ်းပြာရေညှိထွက်ရှိရာ ရေခါးအင်းသို့ ရောက်ရှိစဉ် အင်းအတွင်း ရေချိုဝင်ရောက်မှုမရှိစေရန် ဆောင်ရွက်ထားရှိမှုနှင့် အင်းအတွင်းမှ စိမ်းပြာရေညှိများ သယ်ယူစစ်ထုတ်နေမှုနှင့် ရေညှိ အခြောက်ခံထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီးနောက် ပင်မစက်ရုံသို့ ဆက်လက်ထွက်ခွာလာခဲ့ပါသည်။ စက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်လျက်ရှိသော စစ်ကိုင်း ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာမှ စက်ရုံ၏ လုပ်ငန်း လည်ပတ် လုပ်ကိုင်နေသည့်အခြေအနေ၊ ထုတ်ကုန်ပစ္စည်း အမယ်သစ်များ ထုတ်လုပ်နေမှုအခြေအနေနှင့် စိမ်းပြာရေညှိထွက်ရှိရာ သဘာဝအင်းများ၏ နှစ်အလိုက် ရေညှိထွက်ရှိမှုနှင့် အင်းများအတွင်း ရေချိုဝင်ရောက်၍ စိမ်းပြာရေညှိအထွက်နှုန်း ကျဆင်းလျက် ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် WHO ၏ ထုတ်လုပ်မှုကျင့်စဉ် အမှန်ဖြစ်သော GMP Guideline များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
      မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နှင့်အတူ စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင် သဘာဝအင်းသို့ ရောက်ရှိပြီး တိုင်း ဒေသကြီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှားပါး အဖိုးတန် သဘာဝ သယံဇာတ အရင်းအမြစ်များထိန်းသိမ်းရေးနှင့် တွင်းတောင်ဒေသ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ရေဘုတလင် မြစ်ရေတင်စီမံကိန်းရှိ ရေပေးဝေရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝအဖိုးတန်သယံဇာတများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ပညာရှင်များအား ဖိတ်ကြား၍ ၁၅.၁၁.၂၀၁၇ ရက်နေ့တွင် ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပပြီး စနစ်တကျဝိုင်းဝန်း သုံးသပ်ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) သို့ ရောက်ရှိရာ စက်ရုံမှူးမှ စက်ရုံ၏ ကုန်ထုတ်လုပ်မှု၊ ရောင်းချဖြန့်ဖြူးမှုနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စက်ရုံ ရေရှည် ရပ်တည်ရေး အတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဈေးကွက်ဝင် ထုတ်ကုန် အမယ်သစ်များကို တီထွင်ဆန်းသစ်မှုများဖန်တီးထုတ်လုပ်နိုင်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
       ၁၂.၁၁.၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ကနီမြို့ရှိ တွင်းမ၊ တောင် ပျောက် စိမ်းပြာရေညှိအင်းများသို့ရောက်ရှိပြီး ရေညှိခြောက်အိတ်များ သိုလှောင်ထားရှိ မှုအခြေအနေ၊ အင်းစပ်တွင် ကွမ်းပင်များစိုက်ပျိုးထားမှု၊ ဈေးဆိုင်များဖွင့်လှစ်ထားရှိမှုနှင့် အင်းအတွင်း ဟင်္သာ၊ ကျိုးကြာ စသည့် ရေပျော်ဆောင်းခိုငှက်များ လာရောက် ကျက်စားနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့နှင့်တွေ့ဆုံ၍ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်မည့် ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) သို့ရောက်ရှိပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်း အမျိုးအစားသစ်များ တိုးချဲ့သင်ကြားပေးနိုင်ရေးနှင့် သင်တန်းကျောင်းတိုးချဲ့ရေးအတွက် လိုအပ်သည်များကို ကြိုတင်မျှော်မှန်းတွက်ချက်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ) သို့ ရောက်ရှိရာ ကျောင်းစိမ်းလုံချည်များထုတ်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပိုမိုကောင်းမွန်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်နှင့် ထုတ်ကုန်အမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် နောက်ဆုံးပေါ်နည်းပညာများကို မပြတ် လေ့လာပြီး လက်တွေ့အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်

သတင်း Video ကို ကြည့်ရှုနိုင်ရန် Link

Latest News