Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား Thiha Group ၊ တရုတ်နိုင်ငံ CAMC Engineering ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ Millcon Steel ကုမ္ပဏီတို့မှ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အား ပူးပေါင်းဆောင်ရွက်ရန် လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ (၇)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ (၁၃:ဝ၀) နာရီတွင် Thiha Group ၊ တရုတ်နိုင်ငံ CAMC Engineering ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ Millcon Steel ကုမ္ပဏီတို့မှ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အား ပူးပေါင်းဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
     ထိုသို့တွေ့ဆုံစဉ် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၏ ဆက်လက်ဆောင်ရွက်ရန် စီမံကိန်းလုပ်ငန်းများအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ အပြီးသတ်ဆောင်ရွက်နိုင်ရေး၊ လက်ရှိ ပြီးစီးသည့် Phase-I မှ ဆက်လက်ထုတ်လုပ်မည့် Steel Billet နှင့် Steel Slab များ အတွက် ကုန်ကြမ်းနှင့်ထုတ်လုပ်မှုစရိတ်အား ကျခံ၍ထုတ်လုပ်ရေး၊ မြန်မာနိုင်ငံအတွက် အဓိကလိုအပ်သည့် သံနှင့်သံမဏိဆိုင်ရာ စံသတ်မှတ်ချက်များ ပူးပေါင်းသတ်မှတ်နိုင်ရေး၊ စီမံကိန်းပြီးစီးသည်အထိ ဆောင်ရွက်ပြီးပါက စက်ရုံအား Build Operate Transfer (BOT) စနစ်ဖြင့် နှစ်ရှည်ငှားရမ်းနိုင်ရေး (သို့မဟုတ်) အကျိုးအမြတ်အပေါ် ရာခိုင်နှုန်း သတ်မှတ်ခွဲဝေသည့်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
     လတ်တလောရပ်ဆိုင်းထားသော စက်ရုံများအား ပြန်လည်စိစစ်၍ ပြည်သူလူထု အကျိုးပြုထုတ်ကုန်များကို ပုဂ္ဂလိကနှင့်ပူးပေါင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခု ဆွေးနွေးသည့်ကုမ္ပဏီအပြင် အိန္ဒိယနိုင်ငံမှ Global Steel Co., Ltd. ၊ ကိုရီးယားနိုင်ငံမှ Posco Daewoo Steel Co., Ltd. တို့မှ ဆွေးနွေးကမ်းလှမ်းထားခဲ့ပြီး အမေရိကန် အခြေစိုက် BCI Co., Ltd. မှလည်း ထွက်ရှိသမျှ ဝယ်ယူမည့်စနစ်ဖြင့် Off-take Agreement ချုပ်ဆိုရန် အဆိုပြုကမ်းလှမ်းထားကြောင်း သိရှိရပါသည်။
     နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော သံနှင့်သံမဏိ စက်ရုံစီမံကိန်းများသည် အရင်းအနှီးနှင့်အတတ်ပညာလိုအပ်ချက်များစွာ ရှိသည့်အပြင် ရေရှည်စဉ်ဆက်မပြတ် လုပ်ကိုင်လည်ပတ်နိုင်ရန် ဈေးကွက်သဘောတရားနှင့် နောက်ဆုံးပေါ် ထုတ်လုပ်မှုနည်းပညာများ လိုအပ်သည့်အတွက် ကမ္ဘာ့သံမဏိဈေးကွက်တွင် ကောင်းစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် နည်းပညာနှင့်ငွေကြေးအင်အားတောင့်တင်းသော ရင်းနှီးမြှုပ်နှံ သူနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ စနစ်တကျစိစစ်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
     စီမံကိန်းပြီးစီးပါက အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သံချောင်းလုံး၊ သံပြားနှင့်အမိုးပြားများ၊ သံဘောင်နှင့်သံယက်မ၊ မီးရထားသံလမ်းတို့အပြင် ဈေးကွက်လိုအပ်ချက်ရှိသော အဆင့်မြင့်ထုတ်ကုန်အမျိုးမျိုးကို အရည်အသွေးပြည့်မီပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံမဏိစက်ရုံ စီမံကိန်းများဆိုင်ရာ အထူးအကြံပေးဖြစ်သူ ခရိုအေးရှားနိုင်ငံသား Mr. Damir Mezulic နှင့် မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Latest News