Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ် (၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်ဘိလပ်မြေစက်ရုံ) နှင့် အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်မှန်စက်ရုံ) တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ (၈)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၆.၁၀.၂၀၁၇ ရက် နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှုနယ်မြေရှိ စက်မှုဝန်ကြီးဌာနမှ Myanmar Conch Co,. Ltd. သို့ငှားရမ်းထားသည့် အမှတ် (၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်ဘိလပ်မြေစက်ရုံ) သို့ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် လျှပ်စစ်ထုတ်လုပ်ရေးဌာနတို့တွင် စွန့်ပစ်အပူဖြင့် လျှပ်စစ်ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လုပ်ငန်း လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
     ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ International Glass Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည် မှန်စက်ရုံ) သို့ရောက်ရှိပြီး အရောင်မှန် (Colour Coated Glass) များ ထုတ်လုပ်နေမှုအခြေအနေ၊ ရိုးရိုးမှန်ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်နှင့် ကုန်ကြမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့် မှန်အမျိုးမျိုး ထုတ်လုပ်နိုင်မှသာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် မှန်များ အရည်အသွေး ကောင်း/ မကောင်းကို သုံးစွဲသူပြည်သူများမှ ဆုံးဖြတ်မည်ဖြစ်၍ အရည်အသွေးကောင်းမွန်သည့်မှန်များကို နောက်ဆုံးပေါ်နည်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ အရည်အသွေးကောင်းမွန်မှသာ ဈေးကွက်ဝေစု များများ ရရှိမည်ဖြစ်ကြောင်း၊ စက်ရုံမှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့် အရောင်မှန် Colour Coated မှန်များကိုလည်း အရည်အသွေးကောင်းမွန်စွာဖြင့် သုံးစွဲသူအကြိုက် ထုတ်လုပ်ရန်လိုကြောင်း၊ ဈေးကွက် သုတေသနပြု၍ သုံးစွဲသူများ ကြိုက်နှစ်သက်သည့် အရောင်များဖြင့် ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
     အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်မှန်စက်ရုံ) အနေဖြင့် ရိုးရိုးမှန် အကြည် Clear Glass များအပြင် ဆိုလာမှန်ဟု လူသိများသည့် အရောင်မှန် (Colour Coated Glass များကို ထပ်မံထုတ်လုပ်လျက်ရှိပါသည်။ စက်ရုံမှထုတ်လုပ်သည့် ဆိုလာမှန်ဟုလူသိများသည့် အရောင်မှန်များသည် မျက်နှာပြင် ညီညာပြန့်ပြူး၍ လှိုင်းမရှိခြင်း၊ ပြည်ပနိုင်ငံများမှတင်သွင်းသည့်အရောင်မှန်များထက် ဈေးနှုန်းပျမ်းမျှ (၅)% ခန့် သက်သာ ခြင်း၊ အပူနှင့် အလင်းပေါက်နှုန်း( ၆.၈)% သာရှိ၍ UV နှင့်အပူကိုကာကွယ်နိုင် ခြင်း စသည့် အရည်အသွေးများနှင့် ပြည့်မီကောင်းမွန်ကြောင်းသိရသည်။ မှန်စက်ရုံများရှိ မှန်ရည်ကျို မီးဖိုများသည် ရပ်တံ့၍မရဘဲ (၂၄) နာရီလည်ပတ်ရသော စက်ရုံများဖြစ်ပြီး စက်ရုံမှ အစိမ်းရင့်၊ အပြာနု/ အပြာရင့်၊ မိုးပြာရောင်နှင့် ဇီးရောင်မှန်များကို တစ်နေ့လျှင် တန် (၃၀) ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News