Burmese

ပြည်ထောင်စုဝန်ကြီး မန္တလေးစက်မှုဇုန်ရှိ မြေနေရာ၊ အမရပူရမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာ၊ အမှတ်(၃)အထည်စက်ရုံ (စစ်ကိုင်း)၊ အမှတ်(၃၆)အကြီးစားစက်ရုံ (ကျောက်ဆည်)၊ အမှတ်(၂)ဆေးဝါးစက်ရုံ(အင်ရောင်း)နှင့် အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)တို့အား ကြည့်ရှုစစ်ဆေး

By: 

နေပြည်တော်၊ စက်တင်ဘာ (၄)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးစက်မှုဇုန်ရှိ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာသို့ရောက်ရှိပြီး နိုင်ငံတော်ပိုင်ပစ္စည်းများအား ထိရောက် အကျိုးရှိစွာအသုံးချရေး၊ ဌာနပိုင်မြေနေရာပေါ်တွင် ကျူးကျော်ဝင်ရောက်နေထိုင်မှုများ မရှိစေရေး၊ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပြည့်စုံအောင်ဆောင်ရွက် ထားရေးနှင့် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားရေးနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးမှ အရည်အသွေးပြည့်ဝပြီး အမှန်တကယ် ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အဖက်ဖက်က ကြိုးစားဆောင်ရွက်ရန်နှင့် သင်တန်းသားများအား မိမိတို့၏ သားသမီးသဖွယ် ဂရုစိုက်ပြုစုပျိုးထောင်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာသို့ရောက်ရှိပြီး အိမ်ရာအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဝန်ထမ်များကြုံတွေ့နေရသော နေထိုင်ရေး အခက် အခဲများကို ပေါင်းစပ်ဖြေရှင်းပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။
   ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ်(၃)အထည်စက်ရုံခွဲ(စစ်ကိုင်း)သို့ ရောက်ရှိရာ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်မှ Textile Complex စီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီးနောက် အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း) စက်ရုံမှူးမှ ထုတ်ကုန်အမယ်သစ်များ စမ်းသပ်ထုတ်လုပ်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ Textile Complex စီမံကိန်း မဆောင်ရွက်မီ လိုအပ်သော စစ်တမ်းများကောက်ယူခြင်းနှင့် အကြိုလေ့လာဆန်းစစ်မှု လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရန်၊ စီမံကိန်းဆောင်ရွက်မည့် အစီအစဉ် Action Plan ကို Time Line နှင့်တကွ အမြန်ဆုံးရေးဆွဲတင်ပြရန်၊ စမ်းသပ်ထုတ်လုပ်ထား သော ထုတ်ကုန်များကို ဈေးကွက်သို့ အမြန်ဆုံးတင်ပို့ ရောင်းချရန်၊ ထုတ်လုပ်မှုနှင့် ရောင်းချမှုကို ဟန်ချက်ညီညီဆောင်ရွက်ရန်၊ ထုတ်သမျှ ချက်ချင်း အကုန်ရောင်းချနိုင် မည့် ဂိုဒေါင်မလိုသည့်စနစ်ကို ကျင့်သုံးရန်၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးနှင့် ပညာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် သက်သာချောင်ချိ ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးသည် (၃.၉.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆည် စက်မှုနယ်မြေရှိ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)သို့ ရောက်ရှိပြီး စက်ရုံ အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုမှတ်တမ်းများနှင့် အရည်အသွေးထိန်းသိမ်းမှု မှတ်တမ်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂)ဆေးဝါးစက်ရုံ(အင်ရောင်း)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ ဆေးအမျိုးအစားသစ်များ စမ်းသပ်ထုတ်လုပ်နေမှုအခြေအနေများနှင့် သွေးကြောသွင်းဆေးရည် ထုတ်လုပ်မည့် Large Volume Parenteral Solutions Production Plant (LVP) အကောင် အထည်ဖော်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သုတေသနနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို စနစ်တကျပြုစုထားရှိရန်၊ ဆေးအမျိုး အစားသစ်များ တီထွင်ထုတ်လုပ်နိုင်သည့် ကိုယ်ပိုင်နည်းပညာရှိသော စက်ရုံအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားဆောင်ရွက်ရန်၊ ကောင်းမွန်သော ထုတ်လုပ်မှု နည်းစဉ် GMP Guideline များကို တစ်သဝေမတိမ်း တင်းတင်းကျပ်ကျပ် လိုက်နာ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီးနောက် စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သွေးကြောသွင်းဆေးရည် ထုတ်လုပ်မှုလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုနှင့် သိုလှောင်မှုလုပ်ငန်းများ ကို သတ်မှတ်ထားသော Standard Operating Procedure (SOP) အတိုင်း ကြပ်မတ်လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
     နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)သို့ ရောက်ရှိစဉ် သီးနှံအခြောက်ခံစက် Dehydrator စမ်းသပ်ထုတ်လုပ်နေမှု၊ လူနာတင် ယာဉ်ထုတ်လုပ်နေမှုနှင့် စတီးလ်ခုံရှည်များ ထုတ်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လိုအပ်ချက်နှင့်အညီ နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ရန်၊ လူနာတင်ယာဉ်တွင် တပ်ဆင်အသုံးပြုမည့် အောက်ဆီဂျင်စလင်ဒါနှင့် အသက်ရှုစက်၊ ရှေးဦးသူနာပြုသေတ္တာ၊ ဘီးတပ်လူနာတင်လှည်း၊ လေဝင်လေထွက်ထိန်းညှိပေးသည့် စနစ်နှင့် အခြားအထောက်အကူပြု ဆက်စပ်ပစ္စည်းများကိုလည်း အရည်အသွေး ကောင်းမွန်ပြီး ယုံကြည်စိတ်ချရသော စက်ပစ္စည်းများကိုသာ အသုံးပြုရန်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့် လက်တွေ့အသုံးပြုနေသူများ၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်ပေးရန်၊ အဖက်ဖက်မှ ပြည့်စုံကောင်းမွန်သော လူနာတင်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် ပညာ၊ စေတနာ၊ ဇွဲလုံ့လဝီရိယတို့ဖြင့် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းမှတ်တမ်း Video ကြည့်ရှုရန် Watch

Latest News