Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့သွားရောက် (၂၂.၈.၂၀၁၇) - (၂၃.၈.၂၀၁၇)

By: 

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၂.၈.၂၀၁၇ ရက်နေ့တွင် Hemaraj Eastern Seaboard Industrial Estate ရှိ Waste Management Siam Ltd. (WMS)မှ ဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများအား စနစ်တကျ ထိန်းချုပ်စွန့်ပစ်မှုဆောင်ရွက်နေမှုများကို လည်းကောင်း၊ စက်မှုဇုန်အတွင်းရှိရေးဆိုး သန့်စင်မှုစနစ် များကိုလည်းကောင်း၊ Samrongnua District ရှိ Recycle Engineering Co., Ltd. မှ စက်မှုလုပ်ငန်းသုံး ဓါတုအညစ်အကြေးများ၊ သက်တမ်းလွန်ဓါတုဗေဒပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးစွန့်ပစ်ပစ္စည်းများ၊ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ စသည်တို့ကို ပြန်လည် သန့်စင်ပြီး အသုံးပြုနိုင်သည့်အထိဆောင်ရွက်နေမှုများကို လည်းကောင်း၊ AMATA Nakorn Industrial Estate ရှိ AMATA Water နှင့် TESCO AQUA တို့ ပူးပေါင်း အကောင်အထည်ဖော်ထားသည့် Wastewater Reclamation Plant ၏ လုပ်ငန်း ဆောင်ရွက်မှုစနစ်များကို ကြည့်ရှုလေ့လာခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Thai-Myanmar Business Council and Business Matching Unit တို့ဦးဆောင်၍ Gateway to Myanmar Investment and State Enterprise Partnership ခေါင်းစဉ်ဖြင့် ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စက်မှုကဏ္ဍနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လာရောက် ရင်းနှီးမြှုပ်နှံအခွင့်အလမ်းများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃.၈.၂၀၁၇ ရက်နေ့နံနက်ပိုင်းတွင် The Thai Industrial Standards Institute သို့သွားရောက်ခဲ့ရာ TISI မှ Secretary General, Mr Pislt Rangsaritwutikut မှ TISI လုပ်ငန်းစဉ်များနှင့်ပတ်သက်၍သိရှိလိုသည်များကို ဆွေးနွေးခဲ့ပြီး ရုံးအဆောက်အဦ၏ ပထမထပ်တွင် ခင်းကျင်းပြသထားသည့် TISI ၏ သမိုင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် Department of Industrial Promotion (DIP)သို့ရောက်ရှိခဲ့ပြီး SMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ဒေသတွင်း SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်လင်းပြသပြီး အဆောက် အဦ၏ ပထမထပ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် SMEs ထုတ်ကုန် အရောင်းစင်တာအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
    ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနဝန်ကြီး Dr. Uttama Savanayana နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ SMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စများကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ကို အကျိုးပြုသည့် စက်မှုဆိုင်ရာ စံချိန်စံညွှန်းများချမှတ်နိုင်ရေးကိစ္စများ ကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ခရီးစဉ်မှတ်တမ်း Video ကြည့်ရှုရန် Watch

Latest News