Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)၊ အထည်စက်ရုံခွဲ(မြင်းခြံ)နှင့် အမှတ်(၅)အထည်စက်ရုံ (ပခုက္ကူ)တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် (၆)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ် (၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံအတွက် သံမဏိကုန်ကြမ်း (Steel Scrap)များ စုဆောင်းရရှိမှုနှင့် ထပ်မံရရှိနိုင်မှု အခြေအနေ၊ ကုန်ကြမ်းတင်ပို့မည့် မီးရထားလမ်း အခြေအနေ၊ ကတ္တားများ မှန်ကန်တိကျမှုအခြေအနေတို့ကို စစ်ဆေး၍ စည်းကမ်းဥပဒေနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့်အတူ (၅.၈.၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) အစည်းအဝေးခန်းမ၌ နိုင်ငံတော်အတွက် “အကျိုးရှိစွာ စီးပွားဖြစ်ထုတ်လုပ်နိုင်ရန်” လက်တွေ့ကျသော အစီအစဉ်များချမှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သည်။ ထို့နောက် စက်ရုံအတွင်းရှိ စက်ကိရိယာများ ဆက်လက်တပ်ဆင်ရန် အသင့်ရှိနေသော စက်ကိရိယာများအား အမြန်ဆုံးပြန်လည်လည်ပတ်၍ ပြည်သူအတွက် အလိုအပ်ဆုံးသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း၊ သံယက်မနှင့် သံပြားအမျိုးမျိုးတို့ကို ဈေးနှုန်းချိုသာပြီး အရည် အသွေးစံချိန်စံညွှန်းကိုက်ညီစွာ ထုတ်လုပ်နိုင်ရေးကို လက်တွေ့ကျသည့် ဦးစားပေး အစီအစဉ်များချမှတ်၍ အသင့်ပြင်ဆင်ထားရန်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စည်းမျဉ်းနှင့်အညီ တိတိကျကျဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)မှ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိသော ဦးစားပေး သံမဏိထုတ်ကုန်များကို ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ နိုင်ငံတော် အတွက် အကျိုးရှိစွာ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
     ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြင်းခြံမြို့ရှိ အထည်စက်ရုံခွဲ(မြင်းခြံ)မှ ကျန်းမာရေးကုသမှု လုပ်ငန်းများအတွက် အောင်မြင်စွာ ထုတ်လုပ်ပေးလျက်ရှိသည့် “ဆေးဂွမ်း၊ ပတ်တီး”စက်ရုံတွင် လုပ်ငန်း များ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် တိုးချဲ့မှုအခြေအနေ၊ ကျောက်ပတ်တီးကို အောင်မြင်စွာ တီထွင်ထုတ်လုပ်ပြီးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်နိုင်ရေး စီမံရန် ဈေးကွက် ရရှိပြီးလုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်စွာ ဆက်လက်တီထွင်ထုတ်လုပ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်အတိုင်း စံချိန်မီထုတ်လုပ်ရန် လမ်းညွှန်မှာကြားသည်။

  

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အမှတ် (၅)အထည်စက်ရုံ(ပခုက္ကူ)သို့ ရောက်ရှိပြီး     အရည်အသွေးတိုးမြှင့် ထုတ်လုပ်ထားသော ချည်မျှင်၊ အထည်အလိပ်နှင့် ခြင်ထောင်များ၊ အိန္ဒိယနည်းပညာဖြင့် အရည်အသွေးတိုးမြှင့် ထုတ်လုပ်အောင်မြင်နေမှုများအား ကြည့်ရှုအားပေးပြီး ပြည်သူအတွက် တန်ဖိုးမျှတပြီး ပုံစံအသစ်အဆန်း၊ ဒီဇိုင်းကောင်းများ ဖန်တီးတီထွင်ကြရန် လမ်ညွှန်မှာကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News