Burmese

အုန်းသီးမှ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လက်မှုနည်းပညာသင်တန်းဖွင့်

By: 

ရန်ကုန် သြဂုတ် ၁
    အုန်းသီးမှ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လက်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ Center of Excellence, Incubation Center ၌ ဇူလိုင် ၃၀ ရက်က ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းနှင့်     မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းတို့က အမှာစကားပြောကြားခဲ့သည်။ သင်တန်းကို စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။
     သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုန်းသီးလုပ်ငန်းရှင်များ၊ အသေးစား အလတ်စားလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအပါအဝင် သင်တန်းသား ၂၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
     သင်တန်းတွင် အုန်းခွံကို အသုံးပြု၍ စားပွဲတင်အုန်းခွံမီးအိမ်များ၊ မီးဆိုင်းများ၊ လက်မှုပစ္စည်းများကို ဆန်းသစ်သော လက်ရာများဖြင့်ပြုလုပ်ကာ အဆိုပါ တန်ဖိုးမြှင့်ထုတ်ကုန်များကို အသေးစားနှင့်အလတ်စားလုပ်ငန်းများအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်လာစေရန်နှင့် ဈေးကွက်ဝင်အရည်အသွေးမြှင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် အုန်းသီးအစုအဖွဲ့ငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သင်တန်းဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။ 
Source: မြန်မာ့အလင်း 

Latest News